မက်မန်း စက်တင်ဘာ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် မိမိတို့ကျေးရွာရှိ ယာခင်းများနှင့် တောင်ကုန်းတောင်တန်းပေါ်တွင် စီးပွားဖြစ် “ဝ”ဥများ စနစ်တကျ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
မက်မန်းမြို့နယ်သည် တောင်ကုန်း တောင်တန်းမြင့်မားပြီး ရာသီဥတုလည်းသင့်တင့်မျှတသော ရာသီဥတုနှင့်အညီ သဘာဝ ပတ်ဝန်းကျင်သည်လည်း စိမ်းလန်းစိုပြေပြီး သင့်လျော်ကောင်းမွန်သည်။ တောင်ကုန်း တောင်တန်းများထူထပ်ပြီး လူနေကျဲ သဖြင့် တစ်ရွာနှင့်တစ်ရွာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသဖြင့် နေထိုင်စားသောက်ရေးအတွက် ဒေသခံပြည်သူများသည် အဓိက တောင်ယာလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိပါသည်။ တောင်ယာလုပ်ငန်းလုပ်ကိုင်မှုနှင့် ပတ်သက်၍ ဒေသခံတောင်သူ များသည် ယာတစ်ခင်းကို နှစ်ဧက(သို့)သုံးဧက ခုတ်ထွင်ရှင်းလင်းပြီး ၎င်းယာခင်းကို အနည်းဆုံး သုံးနှစ် (သုံး)လေးနှစ် လုပ်ကိုင်ပြီး စွန့်ပစ်သည့် အလေ့အထဖြင့် တောင်ကုန်းတောင်တန်းထူထပ်ပြီး သဘာဝမြေဆီမြေနစ်ကောင်းမွန်သော နေရာများ တွင် ရွေးချယ်ပြီး နောက်တောင်ယာခင်းတစ်ခုကို စိုက်ပျိုးနိုင်ရန် သဘာဝ သစ်ပင်သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းလျက်ရှိပြီး ရွေ့ပြောင်း တောင်ယာကို လုပ်ကိုင်လျက်ရှိသည်။
ရွေးပြောင်းတောင်ယာစနစ်မှ အမြဲတမ်းယာခင်းစနစ်သို့ ပြောင်းလဲလုပ်ကိုင်လာနိုင်ရန် ယမန်နေ့ နေ့လည်ပိုင်းတွင် မက်မန်းခရိုင် ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးစိုးတင့် ဦးစီးအဖွဲ့သည် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူ များ လိုက်ပါလျက် မက်မန်းမြို့နယ်အတွင်း “ဝ”ဥ စိုက်ပျိုးတောင်သူ ဦးညီဆန်းဝင်း စိုက်ခင်းအား စံနမူနာထားပြီး “ဝ”ဥ စိုက်ပျိုးမှုအဆင့်ဆင့်နှင့် ဆောင်ရွက်ပုံအဆင့်ဆင့်ကို အသေးစိတ်ရှင်းလင်း ပြသလျက်ရှိပါသည်။ ၎င်းရှင်းလင်းပြသမှုနှင့် ပတ်သက်ပြီး မရှင်းလင်းသည်များကို ပြန်လည်မေးမြန်းရာ စိုက်ပျိုးရေးနည်းပညာပိုင်းနှင့် “ဝ” ဥ စိုက်ပျိုးထားသော ယာခင်း(သို့) တောင်းတန်းများပေါ်တွင် နှစ်ရှည်ပင်များဖြစ်သော သရက်ပင်၊ ထောပတ်ပင်၊ မက္ကာဒေးမီးယားပင်၊ သစ်မွေးပင်၊ ပိန္နဲပင်၊ သံပုရာပင်၊ လိမ္မော်ပင်၊ လက်ဖက်ပင်နှင့် ငှက်ပျောပင်များကိုလည်း ထည့်သွင်း စိုက်ပျိုးနိုင်ကြောင်း “ဝ”ဥ စိုက်ပျိုးတောင်သူ ဦးညီဆန်းဝင်း က အကျိုးဖြစ်ထွန်းစေမည့် နည်းလမ်းများကိုပါ ထည့်သွင်းပြန်လည်ဖြေကြားပေးခဲ့သည်။
မက်မန်းမြို့နယ် “ဝ”ဥ စိုက်ပျိုးမှုနှင့် ပတ်သက်ပြီး ဒေသခံတောင်သူများအနေဖြင့် အကျိုးစီးပွား ဖြစ်ထွန်းသည့်အပြင် သစ်တောပြုန်းတီးမှုကိုလည်း ထိန်းသိမ်းခြင်း၊ သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းခြင်းနှင့် တစ်ဖက်တစ်လမ်းကလည်း ဘိန်းစိုက်ပျိုးမှု လျော့နည်းသွားစေနိုင်ကြောင်း၊ ဘိန်းအစားထိုး စိုက်ပျိုးသီးနှံအနေဖြင့် ဒေသခံတောင်သူများ “ဝ”ဥများ စိုက်ပျိုးနိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများက နည်းပညာပိုင်းဆိုင်ရာ ရှင်းလင်းဆွေးနွေးချပြပြီး စည်းရုံး ဆောင်ရွက်လျက် ရှိပါကြောင်း သိရသည်။
မက်မန်း(ပြန်/ဆက်)