မြစ်ကြီးနား စက်တင်ဘာ ၃
ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် (၂၀)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ကချင်ပြည်နယ်လွှတ်တော်ရုံး လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်နှင့် လွှတ်တော်ကိုယ်စားလှယ် ၄၈ ဦးတို့ တက်ရောက်ကြသည်။
အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များက လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီးဌာနဆိုင်ရာ မေးခွန်းများဖြစ်သည့် မချမ်းဘောမြို့နယ်၊ ထရန်ဒမ်း ကျေးရွာအုပ်စု မန်ခွပ်ကျေးရွာတွင် လယ်ယာမြေများအား နမ်ဆဘွမ် ချောင်းရေတိုက်စားမှုမှ ကာကွယ်ရန် ပေ(၆၅၀)အရှည် ချောင်းဖြောင့်ခြင်းနှင့် ပေ(၁၂၀၀)အရှည် ရေကာတာတန်း တည်ဆောက်ပေးရန် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်နယ်ဝန်ကြီးက ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ဦးစွာကွင်းဆင်း တိုင်းတာစစ်ဆေးပြီး တိုင်းတာကွင်းဆင်းစစ်ဆေးချက်များအရ ဆောင်ရွက်ရန် လိုအပ်ပါက အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာငွေများထည့်သွင်း ရာထားပေးမည်ဖြစ်ကြောင်း ပြန်လည်ရှင်းလင်းဖြေကြားသည်။ အလားတူ ထရန်ဒမ်းကျေးရွာအုပ်စု၊ ထရန်ဒမ်းကျေးရွာတိုက်နယ်ဆေးရုံသို့ ကောင်းမှုလုံ-မချမ်းဘောကတ္တရာလမ်းမှ တိုက်နယ်ဆေးရုံလမ်းအရှည် ၁၀၂၅ ပေ အကျယ် ၁၂ ပေ ကွန်ကရစ် လမ်းခင်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျေးလက်လမ်း ဖွံ့ဖြိုးရေး လမ်းစာရင်းတွင် ပါဝင်ခြင်းမရှိသေးသဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ကျေးလက်လမ်းများ စာရင်းတွင် ပါဝင်နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ကျေးရွာတွင်းလမ်းများ ပြုပြင်ခြင်း လုပ်ငန်းအား လတ်တလောတွင် ဆောင်ရွက်ပေးနှိင်ခြင်း မရှိသေးပါကြောင်းဖြင့် ပြန်လည်ရှင်းလင်း ဖြေကြားခြင်း အပါအဝင် မေးခွန်း ၄ ခုကို မေးမြန်း ဖြေကြားခြင်းတို့ ဆောင်ရွက်ကြသည်။
ယင်းနောက် အစည်းအဝေး ပဉ္ဇမနေ့တွင် ပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းခဲ့သော “ကချင်ပြည်နယ်၏ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းဥပဒေကြမ်း” နှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်လိုက်ပြီး ကချင်ပြည်နယ် ဝန်ကြီးချုပ်၏ ထောက်ခံတင်ပြချက်ဖြင့် ပြည်နယ် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီးက “၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း”ကို တင်သွင်းရာ လွှတ်တော်စီမံကိန်း၊ ဘဏ္ဍာရေး၊ ပြည်သူ့ငွေစာရင်းဆိုင်ရာ ကော်မတီက ဥပဒေကြမ်းအပေါ် ကော်မတီ၏ စိစစ်ချက်အစီရင်ခံစာကို တင်သွင်းပြီး အစည်းအဝေး သတ္တမနေ့ကို ရပ်နားလိုက်သည်။
ပြည်နယ်(ပြန်/ဆက်)