တနင်္သာရီတိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာနက ‘ကုန်စည်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသား က’ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ထားဝယ် မတ် ၁၅

စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ဝေသည့် ‘ကုန်စည်လုံခြုံစိတ်ချရမှုအစ ကုန်အညွှန်းအမှတ်အသားက’ အသိပညာပေး လက်ကမ်းစာစောင်ကို ယနေ့နံနက် ၇ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ တိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာနမှ ဝန်ထမ်းများက အာဇာနည်လမ်း၊ စည်ပင်သာယာစျေးကြီး အရှေ့တွင် အခမဲ့ဖြန့်ဝေ ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးမှူး ဦးဝင်းထွန်းနှင့် ဝန်ထမ်းများက စည်ပင်သာယာ စျေးကြီးအတွင်း စျေးရောင်း/စျေးဝယ် ပြည်သူများ၊ ဖြတ်သန်းသွားလာ နေသော ခရီးသွား ပြည်သူများအား အသိပညာပေး လက်ကမ်းစာစောင်အား ဖြန့်ဝေပေးခဲ့သည်။

ဆက်လက်၍ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးအရှေ့တွင် ခရီးသွား ပြည်သူများ ကြည့်ရှု့လေ့လာ နိုင်ရေးအတွက် ကမ္ဘာ့ကုလသမဂ္ဂ၏ စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ လမ်းညွှန်ချက်များ အကြောင်း၊ ဥပဒေပေါ်ပေါက်လာပုံ၊ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသား ဖော်ပြရမည့် အသေးစိတ် စိစစ်ချက်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များသည် ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် သိသာထင်ရှားစွာ ဖော်ပြရမည့် အကြောင်းနှင့် စားသုံးသူရေးရာ ဦးစီးဌာန၏ လှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းများအား ပြသပေးထားခဲ့ကြောင်း သိရသည်။

ကျော်ကျော်လတ်(ခရိုင်ပြန်/ဆက်)