ပြည်ထောင်စုရန်ပုံ‌ငွေနှင့် တိုင်းဒေသကြီးရန်ပုံငွေတို့ဖြင့် တည်ဆောက်မည့် လုပ်ငန်းစီမံကိန်းများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မန္တလေး  မတ်  ၁၅

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုရန်ပုံ‌ငွေနှင့် တိုင်းဒေသကြီးရန်ပုံငွေတို့ဖြင့် တည်ဆောက်မည့် လုပ်ငန်းစီမံကိန်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက အောင်မြေသာစံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးက အမှာစကား ပြောကြားပြီး မန္တလေးတိုင်းဒေသကြီး Third Party(QC) အဖွဲ့ဝင် ဦးအောင်ကျော်မြင့်နှင့် အောင်မြေသာစံမြို့နယ် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီဝင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်တို့က တည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြကြသည်။

ဆက်လက်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း တည်ဆောက်ရေးလုပ်ငန်း တာဝန်ယူ ဆောက်လုပ်ကြမည့် ကုမ္ပဏီများမှ တာဝန်ခံအင်ဂျင်နီယာများက ဆောက်လုပ်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းတင်ပြကြပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသန်းဝင်းက နိဂုံးချုပ်စကား ပြောကြားသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလှမိုး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသန်းဝင်း၊ မန္တလေးတိုင်းဒေသကြီး Third Party(QC) အဖွဲ့ဝင် ဦးအောင်ကျော်မြင့်၊ အောင်မြေသာစံမြို့နယ် စိစစ်ရေးကော်မတီဝင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကုမ္ပဏီများမှ တာဝန်ခံအင်ဂျင်နီယာများ တက်ရောက် ကြကြောင်းသိရသည်။

ဇော်လင်းဦး(အောင်စံ)