ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းရန်ပုံငွေ လွှဲပြောင်း ပေးအပ်ပွဲကျင်းပ

မလှိုင် မတ် ၁၅

၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေး စီမကိန်းရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် အတွင်းရှိ ကျေးရွာ(၁၆)အတွက် ရန်ပုံငွေလွှဲပြောင်း ပေးအပ်ပွဲကို ယမန်နေ့က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ရုံး အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းရန်ပုံငွေဖြင့် အကောင်ထည် ဖော်ဆောင်ရွက်မည့် ထနောင်းကိုင်းကျေးရွာ၊ မြင်းဦးလှည့်၊ မြောက်လည်၊ ဆပ်ခင်းကြီး၊ ပွင့်တော၊ ဇီးဖြူကန်၊ သဘွတ်ကုန်း(တ)၊ ကံကြီး၊ ကံတွင်း၊ လယ်တာအို၊ ထမ္မကြီး၊ ခြောက်ပေါက်ကြီး၊ ထန်းပင်ကန်၊ ညောင်အုပ်၊ ထန်းတောကြီး၊ သက္ကယ်ကျင်း၊ စသည့် ကျေးရွာများအတွက် တစ်ရွာလျှင် ငွေကျပ်သိန်း(၁၀၀)နှုန်းဖြင့် ကျေးရွာ(၁၆) ရွာအတွက် ငွေကျပ်သိန်း (၁၆၀၀)ကို ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးလှထွန်းအောင်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှှယ်များ ဖြစ်ကြသည့် ဦးချစ်မင်းသိန်းနှင့် ဒေါ်သီတာငြိမ်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးလှိုင်နှင့် တာဝန်ရှိသူများက ကျေးရွာကော်မတီဝင်များထံ လွှဲပြောင်းပေး အပ်ခဲ့သည်။

ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP)ရန်ပုံငွေဖြင့် စာသင်ကျောင်းများ ဆောက်လုပ်ခြင်း၊ ကျေးရွာတွင်းလမ်းများ ကောင်းမွန်ရေးအတွက် ကွန်ကရစ်လမ်းခင်းခြင်း၊ ဂျင်းလမ်းခင်းခြင်း၊ ရေရှိရေးစသည့် လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး မလှိုင်မြို့နယ်တွင် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်မှ ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာရေးနှစ်အထိ ကျေးရွာပေါင်း(၃၂ )ရွာကို ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)