စဉ့်ကိုင် မတ် ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် Corona virus Disease-2019 (COVID-19) ရောဂါနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယနေ့နံနက် (၁၀)နာရီခွဲက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်း အဝေးခန်းမ တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကောင်းမြတ်ထွန်းက(COVID-19) ရောဂါနှင့် ပတ်သက်၍ ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ဗဟိုကော်မတီ၏ ပထမအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်အရ ယခုကာလတွင် လူစုလူဝေးဖြင့်ကျင်းပမည့် အခမ်းအနားကို တတ်နိုင်သမျှရှောင်ရှားရန်နှင့် ကျင်းပပြုလုပ်ရန်ရှိပါက လိုအပ်သည့် ကျန်းမာရေး စိစစ်ထိန်းချုပ် ပြုလုပ်ရန်၊ ခွင့်ပြုမိန့် မရှိဘဲကျင်းပမည် ဆိုပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ် ကုသရေးဌာန ဒေါက်တာအေးလွင်မှ စဉ့်ကိုင်မြို့နယ်ပြည်သူ့ဆေးရုံအနေဖြင့် Coronavirus Disease-2019 (COVID - 19) ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးဆိုင်ရာ ကြိုတင် ဆောင်ရွက် ထားရှိမှုနှင့် စက်ရုံ၊အလုပ်ရုံများမှ လုပ်ငန်းရှင်များကလည်း မိမိတို့ ၀န်ထမ်းများကို ကျန်းမာရေး စစ်ဆေးဆောင်ရွက်ပေးကြရန်နှင့် လိုအပ်လျက်ရှိသည်များကို ရှင်းလင်းဆွေးနွေး ပြောကြား ခဲ့သည်။
ထို့နောက် မြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးတင်မောင်ကြည် ဦးစီးအရာရှိက စဉ့်ကိုင်မြို့နယ်သည် စက်ရုံ၊ အလုပ်ရုံများသည့်အတွက် နိုင်ငံခြားသား ၀င်ထွက် သွားလာမှု စစ်ဆေးလျက် ရှိကြောင်း စက်ရုံများမှလည်း ဝိုင်း၀န်းကူညီ ဆောင်ရွက် ပေးစေလိုကြောင်း၊ ရှင်းလင်း ဆွေးနွေးခဲ့ပြီး စက်ရုံ၊ အလုပ်ရုံများမှ တာ၀န်ရှိသူများကလည်း ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြပြီး အစည်းအဝေးသို့ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ၀င်များ၊ ဌာနဆိုင်ရာမှ တာ၀န်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စက်ရုံအလုပ်ရုံမှ တာ၀န်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)