ကျောက်ပန်းတောင်း မေ ၆
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပား-ညောင်ဦးသွား ဗျတ္တပန်း ဆက်လမ်းမိုင်တိုင် (၁၃/၇) တွင် ယနေ့နံနက် (၁၁) နာရီခန့်က ဘုရားဖူးယာဉ်တစ်စီး အရှိန်လွန် တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပုဂံ-ညောင်ဦးသို့ ဘုရားဖူးထွက်ခွာလာသည့် BGO 1P/-----၊ CANTER အမျိုးအစား ယာဉ်သည် ကျောက်ပန်းတောင်းမြို့နယ် ဒေါင်းလည်ကျေးရွာအုပ်စု၊ ရွှေစည်တိုင်ကျေးရွာအနီး၊ ပုပ္ပား-ညောင်ဦးသွား ဗျတ္တပန်းဆက်လမ်း မိုင်တိုင် (၁၃/၇) အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားခဲ့သဖြင့် ယာဉ်ပေါ်ပါ ကျား (၄) ဦး၊ မ (၇) ဦးနှင့် ကလေး (၆) ဦး စုစုပေါင်း (၁၇) ဦးထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာသို့ ကျောက်ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးတို့မှ အနီးကပ်ကြီးကြပ်၍ လိုအပ်သည့် ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများကို ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသပေးလျက်ရှိကြောင်း သိရသည်။
နေအောင် (ပြန်/ဆက်)