လွိုင်ကော် စက်တင်ဘာ ၃
ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်(၁၈)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (တတိယနေ့)ကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန် က ကယားပြည်နယ်လွှတ်တော် အစည်းအဝေးခန်း မ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်လွှတ်တော် ကိုယ်စား လှယ် (၁၃)ဦး၊ တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၅)ဦး၊ ဗမာတိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်(၁)ဦး၊ စုစုပေါင်း (၁၉)ဦးတက်ရောက်ခဲ့သည်။
ရှေးဦးစွာ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း များဆောင်ရွက်ရာတွင် ဖရူဆိုမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသဲရယ် က “၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် အတွင်းရှိ မြေယာရှုခင်းလုပ်ငန်းများ သည်မည်သည့် ရန်ပုံငွေအမျိုးအစားဖြင့်ဆောင်ရွက်ပြီး မည်သည့်နေရာ များတွင်ဆောင်ရွက်ခြင်း ၊ ရန်ပုံငွေမည်မျှ သုံးစွဲခြင်းရှိသည် ကိုသိရှိလိုကြောင်း မေးခွန်းအား လည်းကောင်း ၊ “ပြည်နယ်အစိုးရ အဖွဲ့ ခရီးစဉ်တိုင်း တွင် ဒေသခံပြည်သူများအား အလှူငွေများ ပေးအပ်ခြင်း နှင့် စပ်လျဉ်းပြီးသိရှိလိုခြင်း” မေးခွန်းနှင့် စပ်လျဉ်း၍ လည်းကောင်း ၊ ကယားပြည်နယ် ၊ လွိုင်ကော်မြို့၊ စက်မှုဇုန်မြေ ယာ နှင့် ပတ်သက်၍ သိရှိလိုခြင်း” မေးခွန်းတို့အား မေးမြန်းရာ သက်ဆိုင်ရာပြည်နယ် ဝန်ကြီးများက ပြန်လည် ရှင်းလင်း ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့သည်။
ဆက်လက်ပြီး “၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ကယားပြည်နယ်၏ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာ ဥပဒေ(မူကြမ်း)”နှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက အကြံပြုဆွေးနွေး နိုင် ကြောင်း ကြေညာခဲ့ရာ တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးမြင့်ဝေ က အမည်စာရင်းပေး ပို့ထားပြီး အကြံပြုဆွေးနွေးခဲ့သည်။
ဆက်လက်၍ “၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ကယားပြည်နယ်၏ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာ ဥပဒေ(မူကြမ်း)”ကို ပြည်နယ် အစိုးရအဖွဲ့အောက်ရှိ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် တောင်းခံထားသောတန်ဖိုးနည်း အိမ်ရာ (၃၅)လုံး ကျပ်(၂၈၇.၀၀၀)သန်း အား မူလဥပဒေကြမ်းပါ အတိုင်းထားရှိရန်နှင့် ပြည်နယ်စည်ပင် သာယာရေး အဖွဲ့၏ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် တောင်းခံထားသော မြေယာရှုခင်း ပြုလုပ်ခြင်းလုပ်ငန်း ကျပ်(၈၁၀.၂၁၅)သန်း လျှော့၍ခွင့်ပြုခြင်းနှင့် ပုဒ်မ (၄) တွင် ပုဒ်မခွဲ (ဃ) ဖြည့်စွက် ခြင်း ”အား ပြည်နယ်လွှတ်တော်တွင် အတည်ပြုကြောင်း ကြေညာခြင်းတို့ ဆောင်ရွက်ခဲ့သည်။
တို့နောက် “ကယားပြည်နယ်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်းဥပေဒ(မူကြမ်း)”နှင့် စပ်လျဉ်း၍ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များက အကြံပြု ဆွေးနွေးနိုင်ကြောင်းကြေညာခဲ့ရာ ဖရူဆိုမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က အမည်စာရင်းပေး ပို့ထားပြီးအကြံပြုဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး “ကယားပြည်နယ်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်းဥပဒေ (မူကြမ်း)”ကို ဥပဒေပြုရေး ဆိုင်ရာကော်မတီ၏ စိစစ်ချက်အစီရင်ခံစာနှင့်အညီ ပြည်နယ်လွှတ်တော်တွင် အတည်ပြုကြောင်း ကြေညာခြင်း ၊ “၂၀၂၀ ပြည့်နှစ်၊ ကယားပြည်နယ်စည်ပင် သာယာရေးဥပဒေ(မူကြမ်း)”အား ဖားဆောင်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရန်နိုင်ဆွေက ပြည်နယ် လွှတ်တော်သို့ တင်သွင်းခြင်း၊ “၂၀၂၀ ပြည့်နှစ်၊ ကယားပြည်နယ်စည် ပင်သာယာရေးဥပဒေ(မူကြမ်း)” နှင့် စပ်လျဉ်း၍ ဥပဒေပြုရေးဆိုင်ရာ ကော်မတီ၏ စိစစ်တွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာတင်ပြခြင်း၊ ၎င်းဥပဒေ(မူကြမ်း) နှင့် စပ်လျဉ်း၍ အကြံပြုဆွေးနွေးခြင်းနှင့် အတည်ပြုခြင်းများကို နောင်ကျင်းပမည့်လွှတ်တော်အစည်းအဝေးတွင် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ဆက်လက်၍ (၁၀-၆-၂၀၂၀)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ဒုတိယအကြိမ် ကယားပြည်နယ် လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့)တွင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေး နှင့် လျှပ်စစ် ဝန်ကြီးဌာန၊ ဝန်ကြီး ဦးခင်မောင်ဖြူ တင်သွင်းခဲ့သော ကယားပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၉ ခုနှစ်၊ (၁)နှစ်တာ ကာလ အတွင်း လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်တွင် မှတ်တမ်းတင်ကြောင်း ကြေညာခဲ့ပြီး ၊ ပြည်သူ့ငွေစာရင်း စောင့်ကြည့်စစ်ဆေး ရေးကော်မတီ နှင့် တိုင်စာပစ်စာ လေ့လာဆန်းစစ်ရေး အဖွဲတို့တွင် အဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ထားသော ဦးနေထွန်း သည် ကွယ်လွန်သွားပြီဖြစ်သဖြင့် ပြည်သူ့ငွေ စာရင်း စောင့်ကြည့်စစ်ဆေးရေး ကော်မတီနှင့် တိုင်စာပစ်စာလေ့လာဆန်းစစ်ရေးအဖွဲ့တို့တွင် အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်၍ ပြင်ဆင်ဖွဲ့စည်းခြင်းကို ပြည်နယ်လွှတ်တော် တွင် အတည်ပြု ကြေညာခဲ့ကြောင်း သတင်းရရှိသည်။
အောင်ထွန်းလေး (ပြန်/ဆက်)