ဓနုဖြူ မတ် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် တိရစ္ဆာန်များမှတစ်ဆင့် ကူးစက်တတ်သော ရောဂါဖြစ်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်မှု အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက ဓနုဖြူ မြို့မဈေးရုံးတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာသိမ့်ပြည့်ဖြိုးဦးက ကူးစက်ရောဂါ ဖြစ်ပွားမှုကို ကာကွယ်ရန် တစ်ကိုယ်ရည် သန့်ရှင်းစွာ နေထိုင်ရေး နည်းလမ်းများနှင့် လက်ကို စနစ်တကျ ဆေးကြောခြင်း၊ နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင် အသုံးပြုခြင်းတို့ကို လက်တွေ့သရုပ်ပြ ဟောပြောခဲ့သည်။
ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ တင်မောင်လင်းက တိရစ္ဆာန်များမှတစ်ဆင့် ကူးစက်တတ်သောရောဂါများအကြောင်း၊ ရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် စစ်ဆေးမှု လုပ်ငန်းအဆင့်ဆင့်နှင့် တိရစ္ဆာန်များတွင် ဖြစ်ပွားသည့်ရောဂါများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့မှ ဦးစီးအရာရှိ ဒေါ်နီနီခိုင်နှင့် ဒုတိယဦးစီးမှူး ဒေါ်အိအိဆွေတို့က ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ လိုက်နာ ဆောင်ရွက်ရမည့် အချက်များကို ဟောပြောပြီး အခမ်းနားသို့ တက်ရောက်လာသူများအား နှာခေါင်းစည်းနှင့် လက်အိတ်များ အခမဲ့ပေးဝေခဲ့ကြောင်း သိရသည်။
ထက်ဝေဖြိုး