နေပြည်တော် မတ် ၁၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ရန်အတွက် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ ၁၀ ရွာသို့ ရန်ပုံငွေလွဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဥတ္တရခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်တင်မြင့်ခိုင်က စီမံကိန်းနှင့်ပတ်သက်သည့် အကြောင်းအရာများ၊ ဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်သည့် အခါတွင်လည်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဖြင့် ဆောင်ရွက်စေလိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်သန်းသန်းစိုးက ရန်ပုံငွေလွှဲပြောင်းပေးအပ်ရခြင်း ရည်ရွယ်ချက်နှင့် စီမံကိန်းလုပ်ငန်းများကို ဝိုင်းဝန်းကြိုးပန်း ဆောင်ရွက်စေလိုကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး ကျေးရွာကော်မတီနှင့် ဦးစီးဌာနကြား ရန်ပုံငွေလွှဲပြောင်းပေးခြင်းဆိုင်ရာ သဘောတူချက်အား လက်မှတ်ရေးထိုးခဲ့ကြသည်။ ထို့နောက် မြို့နယ်ဦးစီးမှူးက တက်ရောက်လာသော ကော်မတီဝင်များအား ကျေးရွာတစ်ရွာလျှင် ကျပ်သိန်း ၁၀၀ စီဖြင့် ကျေးရွာပေါင်း ၁၀ ရွာအတွက် ကျပ်သိန်း ၁၀၀၀ အား လွှဲပြောင်းပေးအပ်ခဲ့သည်။
ဇေယျာသီရိမြို့နယ်တွင် ကျေးရွာအုပ်စု ၁၃ အုပ်စု၊ ကျေရွာပေါင်း ၆၇ ရွာ ရှိသည့်အနက် ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခုနှစ်ကျေးရွာပေါင်း ၁၀ ရွာအပါအဝင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အထိ ကျေးရွာ ပေါင်း ၂၄ ရွာအား အကောင်အထည်ဖော် ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။
ထွန်းလင်း(ပြန်/ဆက်)