ကရသူရိ မတ် ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ အမှတ် (၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများ အိမ်ယာမြေပိုင်ဆိုင်ထားရှိမှုနှင့် ပတ်သက်၍ ဆွေးနွေးပွဲကို ယမန်နေ့ ညနေ ၃ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်စွမ်က ရပ်ကွက်နေပြည်သူများ နေထိုင်လျှက်ရှိသည့် အိမ်ယာမြေပိုင်ဆိုင်မှု၏ ဧရိယာအကျယ်အဝန်းနှင့် ပတ်သက်၍ လည်းကောင်း၊ မြို့ဖွံ့ဖြိုးတက်ရေးအတွက် လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရာတွင် နစ်နာမှုမရှိစေရေး အသိပေး ရှင်းလင်းဆွေးနွေးခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသူများက မိမိတို့ရရှိထားသည့် အိမ်ယာမြေပိုင်ဆိုင်မှုအား လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်သော်လည်း ပြည်သူများ ဆုံးရှုံးနစ်နာမှု မရှိစေရေး ဆောင်ရွက်ပေးကြရန် ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။ အဆိုပါဆွေးနွေးပွဲသို့ အမှတ် (၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်စာရေး၊ ကရသူရိမြို့မြေစာရင်းဦးစီးဌာနမှ မြေတိုင်းစာရေးနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
စိုးဝင်း(ပြန်/ဆက်)