ဆီဆိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ နေ့စဉ်မပြတ် ဆောင်ရွက်

ဆီဆိုင်     စက်တင်ဘာ    ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဆီဆိုင်မြို့အဝင်ပေါက်၌ ဝင်/ထွက်သွားလာသော ရဟန်းရှင်လူမိဘပြည်သူများအား နေ့စဉ်မပြတ်ကျန်းမာရေးစစ်ဆေး ပေးခြင်း၊ နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိသော ပြည်သူများအား ဒဏ်ကြေးပေးဆောင်စေခြင်း၊ မှတ်တမ်းကောက်ယူခြင်းနှင့် အသိပညာပေးလုပ်ငန်းများ နေ့စဉ်မပြတ် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်ကျန်းမားရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းအဖွဲ့ က လူအဝင်အထွက်များသော ဆီဆိုင်မြို့အဝင်ပေါက်တွင် ဝင်/ထွက်သွားလာသော ရဟန်းရှင်လူမိဘပြည်သူများအား အပြင်ထွက်ပါက မဖြစ်မနေ နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ပြီး သွားလာကြစေရေးနှင့် အိမ်ပြန်ရောက်ပါက လက်ကိုဆပ်ပြာဖြင့် မကြာခဏ ဆေးကြောပေးရေး စသည်များကို  အသိပညာပေးပြောကြားပြီး၊ လက်ဆေးကန်တွင် လက်ဆေး စေခြင်း၊ လက်ဆေးဆပ်ပြာရည်ဖြင့် စနစ်တကျလက်ကို ဆေးကြောပေးခြင်း၊ အပူချိန်တိုင်း ကိရိယာဖြင့် ကိုယ်အပူချိန်များတိုင်းတာ စစ်ဆေးပေးခြင်း၊ ရပ်ဝေးမှ ဝင်ရောက်လာသည့် ပြည်သူများအား စနစ်တကျ မှတ်တမ်းကောက်ယူခြင်း၊ နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိသော မိဘပြည်သူများအား ဒဏ်ကြေးပေးဆောင်စေခြင်းများကို နေ့စဉ်မပြတ် ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ဆီဆိုင်မြို့အဝင်ပေါက်တွင် ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စေတနာ့ဝန်ထမ်းအဖွဲ့တို့ ပူးပေါင်း၍ နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၅ နာရီထိ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)