မိတ္ထီလာမြို့နယ် ပြည်သူ့ဝန်ဆောင်မှု (OSS) ရုံးအား လေ့လာတွေ့ရှိမှုများ ပြန်လည်မျှဝေ တင်ပြခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ

မိတ္ထီလာ  မတ်  ၁၃

မိတ္ထီလာမြို့နယ် ပြည်သူ့ဝန်ဆောင်မှု (OSS) ရုံး၏ ဝန်ဆောင်မှုလုပ်ငန်းများအပေါ် ပြည်သူ့ အမှတ်ပေးကတ်ဖြင့် လေ့လာတွေ့ရှိမှုများ ပြန်လည်မျှဝေတင်ပြခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ပေါက်ချောင်းရပ်ကွက် ဟိုတယ်ထီလာခန်းမတွင်   ကျင်းပ ကြောင်းသိရသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စွာထွန်းကနှင့်     UNDP မှ Senior OSS Consultant   Mrs. Erin Weiser တို့က အမှာစကား ပြောကြားသည်။ ဆက်လက်၍ မိတ္ထီလာနည်းပညာတက္ကသိုလ်မှ ပါမောက္ခဒေါက်တာရွှေမြင့်မောင် က မိတ္ထီလာမြို့နယ် ပြည်သူ့ဝန်ဆောင်မှု (OSS) ရုံးအား သက်ဆိုင်ရရုံးလုပ်ငန်းများနှင့် ဆက်စပ်၍ လာရောက်ဆောင်ရွက်ကြသည့် ဒေသခံပြည်သူများ၏ ကျေနပ်မှုရရှိသည့် အခြေအနေများကို စစ်တမ်းကောက်ယူတွေ့ရှိမှုအား ရှင်းလင်းတင်ပြသည်။

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းငြိမ်းအောင်က မြို့နယ်ပြည်သူ့ဝန်ဆောင်မှုရုံးအနေဖြင့်  လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေနှင့် စစ်တမ်းပါတွေ့ရှိအကြံပြုချက်များအပေါ် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် UNDP မှ Senior OSS Consultant Mrs.Erin Weiser က နိုင်ငံတစ်ဝန်း၌ ဖွင့်လှစ်ထားသည့် ပြည်သူ့ဝန်ဆောင်မှုရုံးများ၏ လေ့လာတွေ့ရှိမှုများနှင့် မိတ္ထီလာမြို့နယ် ပြည်သူ့ ဝန်ဆောင်မှု ရုံးအပေါ် လေ့လာတွေ့ရှိမှုအား နှိုင်းယှဉ်ရှင်းလင်းပြောကြားသည်။ ထို့နောက် UNDP မှ OSS Consultant ဒေါက်တာတင်မောင်မောင်အုန်းက အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြ သည့် ရပ်ကွက်နှင့်ကျေးရွာ အုပ်စုချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖ များ နှင့် ဒေသခံများ၏ သိရှိလိုသည်များ မေးမြန်းမှုအပေါ်တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခြင်း အစီအစဉ်ကို ညှိနှိုင်းဆောင်ရွက်သည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် မြို့နယ်ပြည်သူ့ဝန်ဆောင်မှု (OSS) ရုံး၏ ဝန်ဆောင်မှု လုပ်ငန်းများအပေါ် ပြည်သူများ၏ အမှတ်ပေးကတ်ဖြင့် စစ်တမ်းကောက်ယူရာတွင် စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ဆောင်ရွက် ခဲ့ကြသည့် မိတ္ထီလာနည်းပညာတက္ကသိုလ်မှ ဆရာ ဆရာမများနှင့် ကျောင်းသူ ကျောင်းသား များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို Senior OSS Consultant Mrs. Erin Weiser က ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ချမ်းသာ