တာလေမြို့၌ မူးယစ်ဆေးဝါးသုံးစွဲသူများအကြား နောက်ဆက်တွဲအန္တရာယ်လျော့ချရေးနှင့် ဘက်စုံအခြေပြုကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းစဉ်များ အသိပညာပေး ဟောပြောပွဲ အခမ်းအနား ကျင်းပ

တာလေ    စက်တင်ဘာ     ၄

မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (MANA) ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မှ (Access to health fund) ၏ ပံ့ပိုးမှုဖြင့် မူးယစ်ဆေးဝါးသုံးစွဲသူများအကြား နောက်ဆက်တွဲအန္တရာယ်လျော့ချရေးနှင့် ဘက်စုံအခြေပြု ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းစဉ်များ အသိပညာပေးဟောပြောပွဲနှင့် အသင်းမိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန် က တာလေမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့အုပ်ချုပ်ရေးမှူး ဦးချစ်ကို က တက်ရောက် အဖွင့်အမှာစကားပြောကြားခဲ့သည်။

အခမ်းအနားသို့ တာလေမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာအုပ်စု  အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြပြီး MANA မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (တာချီလိတ်) မှ အသင်းဥက္ကဋ္ဌ ဦးသိန်းဝင်း က အသင်း၏ရည်ရွယ်ချက်များအား မိတ်ဆက်ရှင်းလင်း ပြီး၊ မူးယစ်ဆေးဝါးနောက်ဆက်တွဲ အန္တရာယ်လျော့ချရေးနှင့် ဘက်စုံအခြေပြုကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းစဉ်များအား ဦးဆောင်မန်နေဂျာ ဒေါက်တာကျော်မင်းနိုင် က အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါ အခမ်းအနားသို့ တက်ရောက်လာကြသူများမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ MANA မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (တာချီလိတ်) မှ အသင်းဥက္ကဋ္ဌ ဦးသိန်းဝင်းနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားကာ အခမ်းအနားကို နံနက် (၁၂) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အောင်ကျော်မိုး (တာလေ)