သီပေါ စက်တင်ဘာ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပဲပုတ်မျိုးစေ့ထုတ်နှင့် ပဲပုတ်စံပြကွက်စိုက်တောင်သူများအား ကွန်ပေါင်းဓာတ်မြေသြဇာ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီအချိန် က အဆိုပါစိုက်ပျိုးရေးဦးစီးဌာန ရုံးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းမင်းဦး က ပဲပုတ်စိုက်ပျိုးသည့် တောင်သူများ သီးနှံအထွက်နှုန်းတိုးတက်၍ ဝင်ငွေပိုမိုရရှိစေရန်နှင့် မြေသြဇာ အချိန်ကိုက်အချိုးကျ သုံးစွဲတတ်စေရန်ရည်ရွယ်၍ ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ဆက်လက်၍ ပဲပုတ်မျိုးစေ့ထုတ်စံပြကွက် ဧက၂၀ စိုက်ပျိုးသော တောင်သူ ၅ ဦးကို ကွန်ပေါင်း ဓာတ်မြေသြဇာ တစ်ဧကလျှင် နှစ်အိတ်နှုန်းဖြင့် ၄၀ အိတ် ထောက်ပံ့ပေးအပ်ခဲ့ပြီး လိုအပ်သော ဓာတ်မြေသြဇာ အချိုးကျသုံးစွဲမှု နည်းစနစ်များကို အသိပညာပေး ဆွေးနွေးခဲ့ကြသည်။ သီပေါမြို့နယ်အတွင်းရှိ ပဲပုတ်မျိုးစေ့ထုတ် စိုက်ခင်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများပူးပေါင်း၍ ကျယ်ကျယ်ပြန့်ပြန့် ပိုမိုတိုးချဲ့ ဆက်လက်စိုက်ပျိုးဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)