ကျေးသီး စက်တင်ဘာ ၄
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့်ရွေးကောက်ပွဲ၌ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၊ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အသီးသီးတွင် သြဂုတ်၃၁ရက်နေ့ က ကပ်ထားကြေညာထားရှိပြီး ယနေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံး မြေစိုက်နံရံကပ်ပြဘုတ်၌ ပြသဆောင်ရွက်ထားရှိကြောင်း သိရသည်။
အဆိုပါနံရံကပ်ပြဘုတ်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၇)ဦး၊ ပြည်သူ့လွတ်တော် ကိုယ်စားလှယ် (၅)ဦး၊ ကျေးသီးမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ်(၁) ကိုယ်စားလှယ် (၅)ဦးနှင့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ်(၂)၊ ကိုယ်စားလှယ် (၆)ဦးနှင့် ရှမ်းပြည်နယ် လွှတ်တော်မဲဆန္ဒနယ် တိုင်းရင်းသားလူမျိုးအတွက် ဗမာ၊ အင်းသား၊ အာခါ၊ လားဟူ၊ ကချင်၊ ပဒေါင်(ကယန်း)၊ လီဆူးတို့မှ အသီးသီး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျေးသီးမြို့နယ်နှင့် မိုင်းနောင်မြို့နယ်တို့တွင် မဲဆန္ဒနယ်အမှတ်(၁) အတွက် မဲရုံပေါင်း (၂၈)ရုံ၊ မဲဆန္ဒရှင် ၂၉၂၇၂ ဦး၊ မဲဆန္ဒနယ်အမှတ်(၂) အတွက် မဲရုံပေါင်း (၃၂)ရုံ၊ မဲဆန္ဒရှင် (၃၀၃၀၉)ဦး စုစုပေါင်း မဲဆန္ဒရှင် (၅၉၅၈၁)ဦးအတွက် မဲရုံ(၆၀)ရုံ ထားရှိဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
သဲစုပိုင်(ပြန်/ဆက်)