နောင်တရားမြို့တွင် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရေး အစည်းအဝေးကျင်းပ

နောင်တရား   စက်တင်ဘာ   ၄

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက် နိုင်ရန်အတွက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နောင်တရားမြို့တွင်  မြို့အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ယနေ့နံနက် ၁၁ နာရီအချိန် က နောင်တရားတိုက်နယ်ဆေးရုံ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းချမ်းမြေ့ဝင်း က နောင်တရားမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်သူများ အပြင်သွားလျှင် Mask တပ်ဆင်ရေး အသိပညာပေးခြင်းနှင့် Mask အခမဲ့ဝေငှခြင်းလုပ်ငန်းများကို မြို့အဝင်၌ နေ့စဉ်ဆောင်ရွက်နေ သော်လည်း  တိုက်နယ်ဆေးရုံအတွက် မရှိမဖြစ် ကြိုတင်စုဆောင်းထားရမည့် PPE ဝတ်စုံများ၊ အောက်ဆီဂျင်စက်များ၊ ချွဲထုတ်စက်နှင့် အထွေထွေအသုံးပြုရန် အသုံးစရိတ်ရန်ပုံငွေများ ရရှိရေးအတွက်  ဆောင်ရွက်မည့် အစီအစဉ်များကို လည်းကောင်း၊  နောင်တရားတိုက်နယ်ဆေးရုံ ဆရာဝန် ဒေါက်တာဝတ်ရည်ဖြိုး က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအသိပညာပေး လုပ်ငန်းများ၊ ဆေးရုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များနှင့် သံဃာဆောင် ဆောက်လုပ် မည့် အစီအစဉ်များကို  ဆွေးနွေးပြောကြားသည်။ ထို့နောက် အစည်းအဝေးသို့ တက်ရောက် လာကြသည့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများ က  တိုက်နယ်ဆေးရုံအတွက် လိုအပ်သည့် ပစ္စည်းများနှင့် ရန်ပုံငွေများ အမြန်ရရှိရေးအတွက် ဝိုင်းဝန်းပြီး လှူဒါန်းပေးမည့် အစီအစဉ်မျာကို   ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ မြို့အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများရှိ အုပ်ချုပ်ရေးမှူးများနှင့် စေတနာရှင်အလှူရှင်များ တက်ရောက် ကြကြောင်း သိရသည်။

နောင်တရား (ပြန်ဆက်)