ကျိုင်းတုံ စက်တင်ဘာ ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ထုတ်ပြန်ထားသော ညွှန်ကြားချက်အမိန့်ကို လိုက်နာမှုမရှိသည့် KTV ဆိုင် ဖွင့်လှစ်သူဆိုင်ရှင်နှင့် လူငယ်(၁၃)ဦးအား ယမန်နေ့ည ၁၀ နာရီ က ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကျိုင်းတုံခရိုင် မှုခင်းနှိမ်နင်းရေးအဖွဲ့မှ ရဲအုပ်သန်းထွန်း ဦးဆောင်သောအဖွဲ့သည် မြို့ပေါ်ရပ်ကွက်များအတွင်း နယ်မြေကင်း လှည့်လည်စစ်ဆေးမှုများ ဆောင်ရွက်နေစဉ် အမှတ်(၃) ရပ်ကွက်၊ နောင်ခန်းကန်အနီးတွင် ဖွင့်လှစ်ထားသော KTV ဆိုင်တစ်ဆိုင်မှ သီချင်းသံများ ဆူညံစွာ ဖွင့်လှစ်သီဆိုနေသည်ကို တွေ့ရှိရ၍ ဝင်ရောက်စစ်ဆေးမှုများ ဆောင်ရွက်ရာ KTV ဆိုင်အတွင်း လူငယ်များ အရက်ဘီယာသောက်စားကာ သီချင်းများသီဆိုအော်ဟစ်နေသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ထုတ်ပြန်ထားသော ညွှန်ကြားချက်အမိန့်များ အား ဖောက်ဖျက်၍ လူစုလူဝေးပြုလုပ်ကာ အရက်ဘီယာများ သောက်စား၍ ဝိုင်းဖွဲ့သီချင်း သီဆိုနေကြသော လူငယ်(၁၃)ဦးနှင့် KTV ဆိုင်ရှင်ဖြစ်သူတို့အား ရဲအုပ်သန်းထွန်းမှ တရားလို ပြုလုပ်ကာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ-၂၉ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)