ရှေးဟောင်းပစ္စည်းများ ခေတ်ခွဲခြားခြင်းနှင့် ကမ္ပည်းကျောက်စာသင်တန်း (၁/၂၀၂၀) ဖွင့်လှစ် သင်ကြား

ညောင်ဦး  မတ်  ၁၂

ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ အရာထမ်း၊ အမှုထမ်းများ၏ လုပ်ငန်းစွမ်းဆောင်မှု အရည်အသွေးမြင့်မားတိုးတက်စေရန်အတွက် မတ် ၁၁ ရက်နေ့မှစတင်ပြီး မတ်လ ၂၆ ရက်နေ့အထိ ရှေးဟောင်းပစ္စည်းများ ခေတ်ခွဲခြားခြင်းနှင့် ကမ္ပည်းကျောက်စာသင်တန်း (၁/၂၀၂၀)သင်တန်းကို ပုဂံဌာနခွဲတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

အဆိုပါသင်တန်းအား မတ်လ ၁၁ ရက်နေ့ ၉ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က အဖွင့်အမှာစကားပြောကြားကာ သုတေသနဌာနစုမှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းဆွေက ရှေးဟောင်းပစ္စည်းများ ခေတ်ခွဲခြားခြင်းနှင့် ကမ္ပည်းကျောက်စာသင်တန်းဖွင့်လှစ် သင်ကြားရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားကာ ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးစိန်ဝင်းက သင်တန်းပို့ချမည့် အစီအစဉ်နှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားသည်။

အဆိုပါ သင်တန်းကို ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲရှိ အရာထမ်း၊ အမှုထမ်း(၂၅)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

ကိုထိန်(ငါ့သရောက်)