မိုင်းကိုင် စက်တင်ဘာ ၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ် ၏ ဒသမအကြိမ်မြောက် စုပေါင်းဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို စက်တင်ဘာလ ၅ ရက် နေ့လည်က ရွှေမြင်ထင် မွေတော်မြောက်ကျောင်း ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲတွင် ကြွရောက်လာကြသော မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တရေဝတနှင့် ဆရာတော်သံဃာတော် ကိုးပါး၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးရဲထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒါယကာ၊ ဒါယိကာမ အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌ ဆရာတော်ထံ ငါးပါးသီလ ခံယူခဲ့ကြသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌ ဆရာတော်ထံမှ ဩဝါဒတရားတော်များ နာကြားကာ လှူဒါန်းမှုအစုစုတို့ကို ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
နန်းလှိုင်လှိုင်ဦး(မိုင်းကိုင်)