မန္တလေးတိုင်းဒေသကြီး၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဒုတိယနေ့တွင် ဖြေဆိုသူ ( ၁၂၇၄၃၈ )ဦး ဝင်ရောက်ဖြေဆို

မန္တလေး  မတ်လ   ၁၂

မန္တလေးတိုင်းဒေသကြီး၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မတ်လ ၁၂ရက် ဒုတိယနေ့ (အင်္ဂလိပ်စာဘာသာ)ဖြေဆိုသည့်နေ့တွင်  ကျောင်းသား၊ ကျောင်းသူ ( ၁၂၇၄၃၈ )ဦးဝင်ရောက်ဖြေဆိုကြောင်းနှင့် ပျက်ကွက်သူ ( ၆၁၂၆) ဦးရှိကြောင်း မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။

 “ တက္ကသိုလ်ဝင်စာမေးပွဲဆိုတာက နိုင်ငံတော်အဆင့်ကျင်းပတဲ့ အခြေခံပညာက တစ်ခုတည်းသော အမြင့်ဆုံးစာမေးပွဲပါ။ အားလုံးက ရည်ရွယ်ချက်ရှိရှိနဲ့ ကြိုတင်ပြင်ဆင်ပြီး ဖြေဆိုတဲ့အတွက် ကလေးတွေအားလုံး ဘာမှအခက်ခဲမရှိလောက်ပါဘူး၊ မိဘတွေလည်း သူတို့ မျှော်လင့်ထားသလောက် သူတို့ကြိုးစား ပံ့ပိုးထားကြမှာပါ။ အားလုံးက အကောင်းဆုံးဖြစ်အောင် ဖြေဆိုသွားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ” မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး (ပညာ) ဦးစိုးလွင်က ပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို ခရိုင်အလိုက် စာဖြေသူဦးရေမှာ မန္တလေးခရိုင်တွင် ( ၃၃၅၉၃) ဦး၊ ပြင်ဦးလွင်ခရိုင်တွင် ( ၂၀၉၉၉ ) ဦး၊ ကျောက်ဆည်ခရိုင်တွင် (၁၃၁၂၇) ဦး၊ မြင်းခြံခရိုင်တွင် (၁၆၄၄၁) ဦး၊ ညောင်ဦးခရိုင်တွင် (၁၃၂၂၀) ဦး၊ မိတ္ထီလာခရိုင်တွင် (၂၀၈၃၁) ဦး၊ ရမည်းသင်းခရိုင်တွင် ( ၉၂၂၇) ဦး ဖြေဆိုခဲ့ကြောင်းနှင့် မြန်မာစာ ဖြေဆိုသောနေ့တွင် စာမေးပွဲဖြေဆိုသူ ၉၅.၅၀ ရာခိုင်နှုန်းဖြေဆိုခဲ့ကြောင်းနှင့် ဒုတိယနေ့ အင်္ဂလိပ်စာဖြေဆိုသောနေ့တွင် စာမေးပွဲဖြေဆိုသူ ၉၅.၄၁ ရာခိုင်နှုန်း ဖြေဆိုခဲ့ကြောင်း သိရသည်။

ထိပ်ထားနိုင်