ညောင်တုန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ညှိနှိုင်း အစည်းအဝေးကျင်းပ

ညောင်တုန်း  စက်တင်ဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ‌‌ ဆောင်ရွက်ရန် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်သူက ကိုဗစ်-၁၉ ရောဂါ ကူးစပ်ပြန့်ပွားမှုမရှိစေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အမိန့်‌ကြော်ငြာစာ ထုတ်ပြန်၍ မိမိနေအိမ် တွင် (Stay at Home) နေထိုင်ရေး သတ်မှတ်ထားသည့် မြို့နယ်များမှ နေရပ်ပြန်လာသူများကို Community Based Facility Quarantine (၂၁) ရက်နေထိုင်ရေးနှင့် (Stay at Home) နေထိုင်ရေး သတ်မှတ်ထားခြင်းမရှိသည့် မြို့နယ်များမှ လာရောက်သူများကို နေအိမ်တွင်(၇)ရက်နေထိုင်ရေး အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိရန် ရပ်ကွက်/ကျေးရွာ အုပ်စုများတွင် အသိပေးဆောင်ရွက်ရန်၊ နေရပ်ပြန်လာသူများအား အ-ထ-က (၁)နှင့် ကျေးရွာများရှိ သတ်မှတ်ထားသော စာသင်ကျောင်းစသည့် နေရာများအား အသွားအလာကန့်သတ် စောင့်ကြည်ရေး စင်တာများအဖြစ် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်နှင့် မြို့အဝင်တွင် ကျန်းမာရေး စောင့်ရှောက်မှုနှင့် လူဝင်/ထွက် စိစစ်ရန် စစ်ဆေးရေးဂိတ် (၂)ခု ဖွင့်လှစ်ရေးတို့အား ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ဆွေးနွေးခဲ့ကြရာ အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဆန်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်သူတို့က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဝဠာနိုင်(ညောင်တုန်း)