ဖျာပုံမြို့၌ မသန်စွမ်းသူများအား ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှု အစီအစဉ်အရ ထောက်ပံ့ငွေများ ပေးအပ်

ဖျာပုံ  စက်တင်ဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ မသန်စွမ်းသူများအား ကိုဗစ်-၁၉ ကာလစီးပွားရေး ကုစားမှု အစီအစဉ်အရ မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့မှ စတင်၍ တစ်ဦးလျှင် ၃၀၀၀၀ ကျပ်နှုန်းဖြင့် အိမ်တိုင်ရာ ရောက်အဖွဲ့ခွဲ၍ ထောက်ပံ့ ပေးလျက်ရှိကြောင်းသိရသည်။

ဖျာပုံမြို့နယ်အတွင်းရှိ  မသန်စွမ်းသူ(၅၅၇)ဦးကို ထောက်ပံ့ပေးမှာဖြစ်ပြီး ထိုသို့ထောက်ပံ့ ပေးရာတွင် လွှတ်တော် ကိုယ်စားလှယ်များနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်မှူးတို့က ဦးဆောင်၍ အဖွဲ့ခွဲပြီး အိမ်တိုင်ရာရောက် နေ့စဉ်ထောက်ပံ့ပေးလျက်ရှိသည်။ 

ယခင်နှစ်များတွင် ဖျာပုံမြို့နယ်အတွင်းမှ မသန်စွမ်းသူ(၁၀၅၉)ဦးကိုလည်း တစ်ဦးလျှင် ကျပ် ၃၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ပေးခဲ့ပြီးကြောင်း၊ တစ်ကြိမ်မျှထောက်ပံ့မှု မရရှိသော မသန်စွမ်းသူ များအနေဖြင့် (၈.၉.၂၀၂၀)ရက်နေ့ နောက်ဆုံးထား၍ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ထံသို့ သတင်းပို့စာရင်းပေးကြပါရန်နှင့် ထိုသို့ စာရင်းပေးရာတွင် မွေးရာပါဖြစ်စေ၊ ထိခိုက် ဒဏ်ရာကြောင့်ဖြစ်စေ၊ ကိုယ်အင်္ဂါ၊ မျက်မမြင်၊ နားမကြား၊ ဉာဏ်ရည်မသန်စွမ်းသူများ ပါဝင်မည် ဖြစ်သည်။

စာရင်းတွင် မပါဝင်သူများမှာ အသက်ကြီး၍ အမြင်အကြား ချို့ယွင်းသူများ၊ နာတာရှည်ရောဂါ ခံစားနေရသူများ၊ အကျုံးမဝင်ပါကြောင်းနှင့် အသေးစိတ်သိလိုလျှင် ရုံးချိန်အတွင်း ၀၄၅-၄၁၅၅၂ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း ဖျာပုံခရိုင်လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအေးကျော်ထံမှ သိရှိရသည်။

လှလှနွယ်(ပြန်/ဆက်)