ကန်ကြီးထောင့် မတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ကျေးရွာစွန့်ပစ် အမှိုက်စီမံခန့်ခွဲမှုစနစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သော ကျေးရွာ ခုနှစ်ရွာအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါ ဦးစီးဌာန ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောမူက ဂုဏ်ပြုစကား ပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စိုးနိုင်မှ ကျေးလက်ဒေသများ၊ ကျောင်းများနှင့် ဆေးရုံ၊ဆေးပေးခန်းများ ရေရရှိရေး၊ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့်တစ်ကိုယ်ရည် သန့်ရှင်းရေးဆိုင်ရာ မဟာဗျူဟာ ရည်မှန်းချက်နှင့်အညီ ကျေးရွာများတွင် ကျေးရွာအခြေပြုစွန့်ပစ် အမှိုက်စီမံခန့်ခွဲမှု စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည့် ရွာသစ် ၊တံခွန်တိုင်၊ စာဖြူစု၊ ခေါ်မကြား၊ လက်ခုပ်၊ မကျီးကုန်းကျေးရွာနှင့် ညောင်ချောင်း(စံပြ)ကျေးရွာတို့မှ တာဝန်ရှိသူများကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောမူနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများမှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
နန်းထိုက် (ပြန်/ဆက်)