ဟင်္သာတ စက်တင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးလက်နေ ပြည်သူများ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားသည့် ကာလတွင် အလုပ်အကိုင် အခွင့်အလမ်းနှင့် စီးပွားရေးထိခိုက်မှုများအပေါ် ပြန်လည် ကုစားပေးသည့် အနေဖြင့် Cash For Work စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကြူတောအင်းကျေးရွာတွင် စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတွင်း လမ်းချောင်း ကျောက်ခင်းခြင်း လုပ်ငန်းနှင့် ရေမြောင်းတူးဖော်ခြင်း လုပ်ငန်းရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် စီမံကိန်းရန်ပုံငွေကျပ် သိန်း(၁၀၀)ထုတ်ပေးပြီး ကျေးရွာနေပြည်သူများ ဝင်ငွေရရှိစေရန် စီမံကိန်းတွင် ပါဝင်လုပ်ကိုင် ဆောင်ရွက်သူများကို လုပ်အားခ(၆၀၀၀) ပေးချေခြင်း စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်သည်။
ယင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးမှုတွင် စီမံကိန်းပါ မူဘောင်များနှင့်အညီ ဆောင်ရွက်ထားမှု ရှိ/မရှိ တို့ကို မြို့နယ်ဦးစီးမှူး ဒေါ်သန္တာစိုးနှင့် တာဝန်ခံဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းတွင် ကွင်းဆင်း တိုင်းတာစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဒေသခံစီမံကိန်း လုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်များနှင့် တွေ့ဆုံ၍ စီမံကိန်းရန်ပုံငွေဖြင့် အဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးသည့် ကျေးရွာတွင်းလမ်းအား ရေရှည်အသုံး ပြုသွားလာနိုင်ရေး ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန်တို့ကို မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုး တိုး တက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ဆွေးနွေးမှာကြား ခဲ့ကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)