ကျောက်မဲမြို့နယ်ရှိ Facility Quarantine တွင် အသွားအလာကန့်သတ်စောင့်ကြည့်သူ ၂၆ ဦးရှိ

ကျောက်မဲ   စက်တင်ဘာ   ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ပေါ်ရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်း (Facility Quarantine) ၂ ခု ဖြစ်သည့် အမှတ် ၃ အခြေခံပညာအထက်တန်းကျောင်းနှင့် ရက်ကန်းကျောင်းတို့တွင် ယမန်နေ့အထိစာရင်းအရ အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသူ စုစုပေါင်း  ၂၆ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၏ အစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ရည်ရွယ်၍ ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို မြို့အဝင် ပင်လုံလမ်းထိပ်တွင် စက်တင်ဘာလ ၅ ရက်နေ့မှစ၍ ပြန်လည်ထားရှိပြီး ဝန်ထမ်းများနှင့် ပရဟိတ အဖွဲ့တို့ပူးပေါင်းကာ ၂၄ နာရီလုံး စောင်ကြည့်စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

ထိုကဲ့သို့စစ်ဆေးရာတွင် မြို့အတွင်းဝင်ရောက်လာသည့် ခရီးသည်များနှင့်ယာဉ်မာင်းများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ ၎င်းတို့၏အမည်၊ ခရီးသွားလာမှုမှတ်တမ်း၊ နေရပ်လိပ်စာနှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များရယူခြင်းများ ဆောင်ရွက်လျှက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများသည့် ဒေသနှင့် ပြည်ပနိုင်ငံမှ ပြန်လာသည့် သူများဖြစ်ပါက အသွားအလာကန့်သတ် စောင့်ကြည့်ရေးစခန်း (Facility Quarantine) များသို့ ပို့ဆောင်ထားရှိစောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)