မြစ်ကြီးနားမြို့၌ ကိုဗစ်အတည်ပြုလူနာ Case – 1155 တည်းခိုခဲ့သည့် ဟိုတယ်ဟူးကောင်းအား အဝင်အထွက်ကန့်သက်၍ Lock Down ပြုလုပ်ထား

မြစ်ကြီးနား     စက်တင်ဘာ  ၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့သည့် ကိုဗစ်-၁၉ အတည်ပြုလူနာ အမှတ်-၁၁၅၅ တည်းခိုခဲ့သော ဟိုတယ်ဟူးကောင်းအား စက်တင်ဘာ (၆)ရက်မှစ၍ အဝင်/အထွက် ကန့်သတ် Lock Down ပြုလုပ်ထားကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

“ကျွန်တော်တို့ မနေ့က မနက် (၃)နာရီလောက်က ဟိုတယ်ဟူးကောင်းကို နေပြည်တော်က ပိုးတွေ့လူနာအမှတ်-၁၁၅၅ လာရောက်တည်းခိုခဲ့မှုနဲ့ပတ်သက်ပြီး လုံခြုံရေးနှင့်အတူ အဝင်/အထွက် ကန့်သတ်ပြီး Lock Down ချထားပါပြီ” ဟု မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရန်ပိုင်ထွန်းက ရှင်းလင်းပြောကြားသည်။

အဆိုပါ ပိုးတွေ့အတည်ပြုလူနာအမှတ် - ၁၁၅၅ ပါ (၈)ဦးတို့သည် နေပြည်တော်- မြစ်ကြီးနား ခရီးစဉ်အတွင်း ဟိုတယ်ဟူးကောင်း၌ ၂၈.၈.၂၀၂၀ ရက်နေ့နှင့် ၂၉.၈.၂၀၂၀ ရက်နေ့ (၂)ရက်ကြာ တည်းခိုခဲ့ ကြောင်းသိရသဖြင့် ဟိုတယ်အား လုံခြုံရေးနှင့်အတူ အဝင်/အထွက် ကန့်သတ်၍ Lock Down ပြုလုပ် ထားခဲ့ပြီး ဟိုတယ်ဝန်ထမ်း (၁၆)ဦး၊ တည်းခိုနေသူ (၅)ဦး၊ စုစုပေါင်း (၂၁)ဦးတို့အား ဟိုတယ်အတွင်း Quarantine ပြုလုပ်ထားကြောင်းနှင့် ၎င်းတို့၏ နှာခေါင်းနှင့် အာခေါင်တို့ဖက် နမူနာယူ၍ ဓာတ်ခွဲစစ်ဆေးနိုင်ရေး သက်ဆိုင်ရာကျန်းမာရေးဌာနသို့ ပေးပို့သွား မည်ဖြစ်ကြောင်းသိရသည်။

မျိုးမြင့်စိုး(ပြန်/ဆက်)