လေးမျက်နှာ စက်တင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ နိုင်ငံတော်အစိုးရက ငါးမွေးတောင်သူများအား ပထမအကြိမ် ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် ၈ နာရီတွင် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။
ထောက်ပံ့ပေးအပ်ပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဟင်္သာတခရိုင်ငါးလုပ်ငန် ဦးစီးဌာနမှူး ဦးတင့်လွင်၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ ငါးမွေးတောင်သူများ တက်ရောက်ကြပြီး လေးမျက်နှာမြို့နယ်အတွင်းရှိ ငါးမွေးတောင်သူ (၆)ဦးထံသို့ ငါးကန်တစ်ဧကလှျင် ငါးသားပေါက်အကောင်ရေ (၂၀၀၀)နှုန်းဖြင့် ငါးမွေးဧက (၃၈.၂၈) ဧကအတွက် ငါးမြစ်ချင်းသား ပေါက်အကောင်ရေ (၇၆၅၆၀)ကို တာဝန်ရှိသူများက အခမဲ့ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုနောက် လေးမျက်နှာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ကျန်ရှိနေသည့် ငါးမွေးတောင်သူ (၁၂)ဦး၏ ငါးကန်ဧက ၁၁၈.၇၂ ဧကအတွက် ငါးသားပေါက်ကောင်ရေ ၂၃၇၄၄၀ ကို ယခုလမှ စတင်၍ ဆက်လက်ထောက်ပံ့ပေး အပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဒေါ်လဲ့လဲ့အောင်ထံမှ သိရသည်။
ရွှေမိုး(လေးမျက်နှာ)