မန္တလေး မတ် ၁၂
အောင်မြေသာစံမြို့နယ်တွင် မြို့နယ်ပညာရေး ကြီးကြပ်မှုကော်မတီမှ ယမန်နေ့ မွန်းလွဲ၂နာရီက ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ကိုယ်ပိုင်ကျောင်းများနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ကိုယ်ပိုင်ကျောင်းအမျိုးအစား၊ စတင်တည်ထောင်သည့်နေ့ရက်နှင့်ခွင့်ပြု ချက်အမှတ်၊ တည်ထောင်သူ နှင့် ကြီးကြပ်အုပ်ချုပ်သူ၏ ကိုယ်ရေးအချက်အလက်များ၊ ဆရာ၊ ဆရာမဦးရေနှင့် ကျောင်းသား၊ ကျောင်းသူဦးရေများ၊ ကိုယ်ပိုင် ကျောင်းများ၏ အဆောက်အအုံဆိုင်ရာ အချက်အလက်များ၊ ဘော်ဒါဆောင်ဆိုင်ရာ အချက်အလက်များ၊ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များ၊ ကျောင်းသားနှင့်သက်ဆိုင်သည့် အချက်အလက်များ၊ ထူးခြားစွာ ဆောင်ရွက်ထားမှုများ၊ အခြား စိစစ်တွေ့ရှိချက်များ ကို စစ်ဆေးဆောင်ရွက် ကြကြောင်းသိရသည်။
မြို့နယ်ပညာရေး ကြီးကြပ်မှုကော်မတီတွင် ဥက္ကဋ္ဌအဖြစ် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်၊ အတွင်းရေးမှူးအဖြစ် မြို့နယ်ပညာရေးမှူး ဒေါက်တာစမ်းပပကျော်၊ အဖွဲ့ဝင် များ အဖြစ် မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ကျန်းမာရေးမှူး၊ မြို့နယ်လမ်းဦးစီးမှူး၊ မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်လ.ဝ.ကဦးစီးမှူး၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ မြို့နယ်အား/ကာဦးစီးမှူး၊ မြို့နယ်ပြန်/ဆက်ဦးစီးမှူး တို့ပါဝင်ကြသည်။
အဆိုပါကြီးကြပ်မှုကော်မတီသည် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၏ တည်ဆောက်ရေးလုပ်ငန်းများ၊ ကိုယ်ပိုင် ကျောင်း ကိစ္စများ၊ ကျောင်းအဆင့်တိုးကိစ္စများနှင့် ပညာရေးဆိုင်ရာ ကိစ္စရပ်များကို စနစ်တကျ ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းထား ခြင်း ဖြစ်ကြောင်းသိရသည်။
ဇော်လင်းဦး(အောင်စံ)