ပန်းတနော်မြို့၌ ဒုတိယအကြိမ်မြောက် မျက်ကြည်လွှာ၊ ကိုယ်တွင်းအင်္ဂါနှင့် ခန္ဓာကိုယ်စုပေါင်းလှူဒါန်းပွဲ ကျင်းပ

ပန်းတနော် မတ် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ပြည်လုံးချမ်းသာ ကျောင်းတိုက်၌ တန်ဖိုးရှိသော လူသားများအသင်း၊ အမေ့သားအမှိုက်သိမ်းအဖွဲ့၊ အဖြူရောင်သူငယ်ချင်များအဖွဲ့တို့ ပူးပေါင်း၍ ဒုတိယအကြိမ်မြောက် မျက်ကြည်လွှာ၊ ကိုယ်တွင်းအင်္ဂါနှင့် ခန္ဓာကိုယ် စုပေါင်းလှူဒါန်းပွဲကို ယမန်နေ့ ညနေ ၄ နာရီက ကျင်းပခဲ့သည်။

အဆိုပါ လှူဒါန်းပွဲတွင် တန်ဖိုးရှိသောလူသားများအသင်းချုပ် ဥက္ကဋ္ဌ ဦးဇေသူကိုကိုက မျက်ကြည်လွှာ၊ ကိုယ်တွင်းအင်္ဂါနှင့် ခန္ဓာကိုယ်စုပေါင်း လှူဒါန်းမှုကို တစ်နေရာတည်းမှာ လွယ်လွယ်ကူကူ လှူဒါန်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် လာရောက်ပြီး စုပေါင်းလှူဒါန်းပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ ဒုတိယအကြိမ်မြောက် စုပေါင်းလှူဒါန်းပွဲတွင် မျက်ကြည်လွှာ လှူဒါန်းသူ (၅၀)ဦး၊ ကိုယ်တွင်းအင်္ဂါ လှူဒါန်းသူ(၁၇)ဦး၊ ခန္ဓာကိုယ် လှူဒါန်းသူ (၈) ဦး စုစုပေါင်းလှူဒါန်းသူ (၇၅)ဦးရှိပြီး လှူဒါန်းမှုအစုစုအတွက် ပြည်လုံး ချမ်းသာကျောင်းတိုက် လေးထပ်ဆရာတော် ဘဒ္ဒန္တသုဝဏ္ဏထံမှ တရားတော်နာ ရေစက်သွန်းချ အမျှဝေခဲ့ကြသည်။

အေးချမ်းအောင်(ပန်းတနော်)