မအူပင် မတ် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် လူငယ်ရေးရာကော်မတီ ဖွဲ့စည်းခြင်း အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းကကျင်းပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မအူပင်မြို့နယ် အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးက အဖွင့်အမှာစကား ပြောကြားပြီး လူငယ်ရေးရာကော်မတီ ဖွဲ့စည်းခြင်းနှင့် ပတ်သက်သည့် ရည်ရွယ်ချက်များကို ဧရာဝတီ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး နော်သာဝါးက ရှင်းလင်း ပြောကြားသည်။
ထို့နောက်မြို့နယ် အုပ်ချုပ်ချုပ်ရေးမှူး ဦးဝင်းဆန်းက မအူပင်မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက် (၁၂)ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၇၆ အုပ်စု စုစုပေါင်း(၈၈)အုပ်စုအတွင်း အသက် ၁၅ နှစ်မှ ၃၅နှစ် အတွင်းရှိ ပရဟိတ လုပ်ငန်းများ စိတ်ပါဝင်စားသော လူငယ်များအား ဖွဲ့စည်းနိုင်ရေး ပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီးနှင့် ခရိုင်လူငယ်ရေးရာ ကိုယ်စားလှယ် ကိုသီဟရဲထွဋ်က လုပ်ငန်းဆောင်ရွက်မှု မူဝါဒများကို မိတ်ဆက်ရှင်းလင်း ပြောကြားပြီး မအူပင်မြို့နယ် လူငယ်ရေးရာကော်မတီအား အတည်ပြု ဖွဲ့စည်းရွေးချယ်ခဲ့ကြောင်းသိရသည်။
အောင်ခိုင်၊ အောင်မြင့်မြတ် (မအူပင်)