ငွေဆောင် စက်တင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် (Mask) နှာခေါင်းစည်းများ အခမဲ့ပေးဝေခြင်းကို ယနေ့ နံနက် (၈)နာရီချိန်တွင် သဇင်ကျေးရွာအုပ်စုရှိ ကျေးရွာများ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ငွေဆောင်မြို့ volunteer လူငယ်များအဖွဲ့မှ သဇင်ကျေးရွာအုပ်စု အတွင်းရှိ ဖုန်းမောင်ကြိုင်၊ ဂျိုင်လယ်နှင့် ဖုန်းဆိုးကြီး ကျေးရွာများရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မဖြစ်ပွားစေရေးအတွက် အပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်း တပ်ဆင်ကြရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များကို လိုက်နာ ကြရန်နှိုးဆော်ခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လက်ကမ်းစာစောင်များ ပေးဝေခြင်းနှင့် ပြည်သူများလက်ဝယ်အရောက် (Mask) နှာခေါင်းစည်း အခု(၂၅၀၀)အား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မူမူသွင်(ပြန်/ဆက်)