နောင်ချို စက်တင်ဘာ ၉
ကိုဗစ်-၁၉ ရောဂါ ဘေးမှကင်းဝေးနိုင်စေရေးအတွက် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်း က ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးလင်းအောင် က နောင်ချိုမြို့သူ၊ မြို့သားများ ကိုဗစ်-၁၉ ရောဂါဘေးမှ ကင်းဝေးနိုင်စေရေးအတွက် ကာကွယ်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ကြမည် ဖြစ်ကြောင်း၊ စက်တင်ဘာလ ၈ ရက်နေ့မှစတင်ပြီး သဖန်းကိုင်း ဘုန်းတော်ကြီးကျောင်း၌ သီးသန့်အဆောင်များ ထားရှိကာ ကန့်သတ်ဒေသမှ ပြန်လာသူများကို ထားရှိသွားမည်ဖြစ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့်လည်း မိမိတို့ရပ်ကွက်၊ ကျေးရွာများသို့ ဝင်ရောက်လာသူများကို အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ကြရန် လိုအပ်ကြောင်း၊ Quarantine ဝင်သူများကို ကူညီပေးနိုင်ရေးအတွက် လုပ်အားပေးအဖွဲ့များထားရှိရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ လူမှုရေးပရဟိတ အသင်းများက ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် လုပ်ငန်းအစီအမံများကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် သွားကြ မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။
သဖန်းကိုင်း Quarantine Centre ၌ စက်တင်ဘာလ ၈ ရက်နေ့တွင် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မှ ပြန်လာသူ မ(၂)ဦး၊ ကန့်သတ်ဒေသမှ ပြန်လာသူ ကျား(၂)ဦးတို့ကို စတင်လက်ခံ ထားရှိလျက်ရှိကြောင်း သိရသည်။
ထွေးငယ် (နောင်ချို၊ ပြန်/ဆက်)