ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ကျိုင်းတုံ    စက်တင်ဘာ    ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ယနေ့က  မြို့အဝင်ဂိတ်များ၊ ရပ်ကွက်၊ ကျေးရွာများနှင့်စျေးများတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာသို့ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက်  နေ့စဉ်ဝင်ရောက် လာသည့် ခရီးသွားပြည်သူများအား ရောဂါရှာဖွေစစ်ဆေးခြင်း၊ ခရီးသွားရာဇဝင် မှတ်တမ်းများ ရယူခြင်း၊ ဆောင်ရန် ရှောင်ရန်နည်းစနစ်များ အသိပေးပြောကြားခြင်း၊ အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ ဝင်ရောက်လာသူများကို သက်ဆိုင်ရာဒေသ၏ ထောက်ခံချက်ပါမပါစစ်ဆေးခြင်း၊ ပြည်ပ နိုင်ငံများနှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှုများသည့် မြို့နယ်များမှ ဝင်ရောက်လာသူများအား အသွားအလာ ကန့်သတ်ထားရှိရန် စီစဉ်ဆောင်ရွက်ပေးခြင်းများကို ကျိုင်းဖောင်းမြို့အဝင်ဂိတ်နှင့် ကျိုင်းတုံလေဆိပ်တို့တွင် ဆောင်ရွက်လျက်ရှိသည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရေးအတွက် ပြည်သူလူထုအတွင်း ရောဂါကူးစက်မှု အဆင့်ဆင့် ဆက်လက်မဖြစ်ပေါ်စေရေး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာမှ ထုတ်ပြန်ထားသော အမိန့်နှင့် ညွှန်ကြားချက်များကို  ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်ကြရန် အသိပေးနှိုးဆော်ခြင်း များကို ရပ်ကွက်ကျေးရွာများနှင့် စျေးများတွင် တာဝန်ရှိသူများက နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)