ကျောက်မဲမြို့နယ်ရှိ Facility Quarantine တွင် အသွားအလာကန့်သတ်စောင့်ကြည့်သူ ၂၇ ဦးရှိ

ကျောက်မဲ   စက်တင်ဘာ   ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ပေါ်ရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်း (Facility Quarantine) ၂ ခုဖြစ်သည့် အမှတ် ၃ အခြေခံပညာအထက်တန်းကျောင်းနှင့် ရက်ကန်းကျောင်းတို့တွင် ယမန်နေ့ အထိ စာရင်းအရ အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသူ စုစုပေါင်း  ၂၇ ဦး ရှိကြောင်း သိရသည်။

ကျောက်မဲမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၏ အစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ရည်ရွယ်၍ ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို မြို့အဝင် ပင်လုံလမ်းထိပ် တွင် စက်တင်ဘာလ ၅ ရက်နေ့မှစ၍ ပြန်လည်ထားရှိပြီး ဝန်ထမ်းများနှင့် ပရဟိတ အဖွဲ့တို့ပူးပေါင်းကာ ၂၄ နာရီလုံး စောင်ကြည့် စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

ထိုကဲ့သို့စစ်ဆေးရာတွင် မြို့အတွင်းဝင်ရောက်လာသည့် ခရီးသည်များနှင့်ယာဥ်မောင်းများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ ၎င်းတို့၏အမည်၊  ခရီးသွားလာမှုမှတ်တမ်း၊ နေရပ်လိပ်စာနှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ ရယူခြင်းများ ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများသည့်ဒေသနှင့် ပြည်ပနိုင်ငံမှ ပြန်လာသည့် သူများဖြစ်ပါက အသွားအလာကန့်သတ် စောင့်ကြည့်ရေးစခန်း (Facility Quarantine) များသို့ ပို့ဆောင်ထား ရှိစောင့်ကြည့်သွားကြောင်း သိရသည်။

အဆိုပါ Quarantine Centre များတွင် အသွားအလာကန့်သတ် ထားရှိသူများထဲမှ ၂၃ ဦး၏ ဓါတ်ခွဲနမူနာ  (အာခေါင်တို့ဖတ်နှင့် နှာခေါင်းတို့ဖတ်) တို့ကို ရယူ၍ အမျိုးသားကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး)သို့ ပေးပို့ထားပြီးကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)