ပင်လောင်းမြို့နယ်၌ KFW Bank မှ လှူဒါန်းသည့် ကတ္တရာလမ်းဖောက်လုပ်ခြင်း လုပ်ငန်း ၉၅ ရာခိုင်နှုန်းပြီးစီး

နောင်တရား   စက်တင်ဘာ  ၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ကျေးလက် လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ကျေးလက်ဒေသဖွံ့ဖြိုးရေးအစီအစဉ် (အဆင့်-၄)အဖြစ် ဆောင်ရွက်နေသည့် မီးသွေးချောင်း ကျေးရွာမှ အင်းတိန်အထိ (၁၉.၄)ကီလိုမီတာ ကတ္တရာလမ်း ဖောက်လုပ်ခြင်းလုပ်ငန်း ၉၅ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ လမ်းပိုင်းသည် ပင်လောင်းမြို့နယ်နှင့် ညောင်ရွှေမြို့နယ်သို့ဆက်သွယ်ထားသည့် လမ်းပိုင်းဖြစ်ပြီး ကတ္တရာလမ်းဖောက်လုပ်ခြင်း ပြီးစီးသွားပါက ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ကြောင်း၊ စီးပွားရေးကဏ္ဍများတွင်လည်း အချိန်တိုအတွင်း ကူးသန်းရောင်းဝယ် လာနိုင်ခြင်းကြောင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများမှာလည်း အရှိန်အဟုန်ဖြင့် တိုးတက်လာမည်ဖြစ်ကြောင်း၊ ကတ္တရာလမ်းဖောက်လုပ်ခြင်းလုပ်ငန်းကို ဂျာမဏီနိုင်ငံ KFW Bank မှ လှူဒါန်းထားပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးရေး အစီအစဉ် (အဆင့်-၄) အဖြစ် ပူးပေါင်းဆောက်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)