မိုင်းဆတ်မြို့၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက် လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်

မိုင်းဆတ်   စက်တင်ဘာ   ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား (၂၀၁၉-၂၀၂၀) ဘဏ္ဍာနှစ် ဇူလိုင်လ၊ ဩဂုတ်လ၊ စက်တင်ဘာလအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် (၁၁)နာရီ က အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လစဉ် နိုင်ငံတော်မှ ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် တစ်ဦးလျှင်ငွေကျပ် တစ်သောင်းနှုန်းဖြင့် (၃)လတစ်ကြိမ် ငွေကျပ် သုံးသောင်း ထောက်ပံ့ပေးခြင်းဖြစ်ပြီး ယနေ့မယ်ဆွမ်မြောက်ရပ်ကွက်ရှိ အဘိုး(၉)ဦးနှင့် အဘွား(၈)ဦး စုစုပေါင်း(၁၇)ဦး အား စုစုပေါင်းငွေကျပ် (၅၁၀၀၀၀)ကို ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သောင်းသောင်းအေးနှင့် တာဝန်ရှိသူတို့က ဘိုးဘွားများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့သည်။

မိုင်းဆတ်မြို့နယ်တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား (၆၆)ဦးရှိပြီး ကျန်ရှိသော သက်ကြီး ဘိုးဘွားများ အား ဆက်လက်ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)