မိုင်းယောင်းမြို့နယ်၌ Cash for Work စီမံကိန်းဖြင့် ဆောင်ရွက်သော ရွာတွင်းကွန်ကရစ်လမ်း ခင်းခြင်းပြီးစီးမှုကို တာဝန်ရှိသူများ စစ်ဆေး

မိုင်းယောင်း   စက်တင်ဘာ   ၉

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကာလအတွင်း ကျေးလက်နေပြည်သူများ ဝင်ငွေလျော့နည်းလာမှုနှင့် စီးပွားရေးအခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် Cash For Work (CFW) စီမံကိန်းဖြင့် ဆောင်ရွက်သော ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် မိုင်းခွန်ကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း ပြီးစီးမှုကို တာဝန်ရှိသူများက ယနေ့တွင် ကွင်းဆင်းကြည့်ရှုသည်။

မိုင်းယောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အကောင် အထည်ဖော် ဆောင်ရွက်နေသည့်  Cash For Work စီမံကိန်း ရွာတွင်းကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်း ရှစ်ခုအနက် ဒွန်းကျိုင်းကျေးရွာ ရွာတွင်းကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို မြို့နယ်ဦးစီးမှူး ဦး‌စိုင်းလောင်မှိုင်းနှင့် ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့် တွေ့ဆုံကာ ဆောင်ရွက်ပြီး စီမံကိန်းလုပ်ငန်းများ ရေရှည်ကောင်းမွန်စေရေး၊ စနစ်တကျ ထိန်းသိမ်း အသုံးပြုကြရန်နှင့် စာရင်းဇယားများ စနစ်တကျ ထိန်းသိမ်းထားရှိရန်များကို ဆွေးနွေးခဲ့သည်။

ထု ၆ လက်မ၊ အရှည် ၁၃၀၀ နှင့် အကျယ် ၁၂ ပေရှိသော အဆိုပါ ရွာတွင်းကွန်ကရစ်လမ်း ပြီးစီးပြီဖြစ်သဖြင့် ကျေးလက်နေပြည်သူများ သွားလာရေးလွယ်ကူအဆင်ပြေလာတော့မည်ဖြစ်ကာ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် လူနေမှုအဆင့်အတန်းလည်း မြင့်မားတိုးတက်လာတော့မည် ဖြစ်ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း