ခေါင်လန်ဖူးမြို့၌ တက္ကသိုလ်၀င်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသူ/သား များနှင့် ဆရာ ဆရာမများအား ဂုဏ်ပြုချီးမြှင့်

ခေါင်လန်ဖူး ဇူလိုင် ၁၆

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်သည် မြန်မာနိုင်ငံမြောက်ဖျားပိုင်းတွင် တည်ရှိ၍ ဝေးလံခေါင်သီပြီး ပညာရေးတွင် ဖွံ့ဖြိုးမှုအားနည်းသော ဒေသတစ်ခုဖြစ်ရာ ၂၀၂၂-ခုနှစ် မတ်လတွင် ကျင်းပပြုလုပ်ခဲ့သည့် တက္ကသိုလ်၀င်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် တက္ကသိုလ်၀င်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ကြိုးပမ်းသင်ကြား ပို့ချပေးခဲ့သော ဆရာ/မများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နံနက်(၁၀)နာရီက ခေါင်လန်ဖူးမြို့ ဂီထော့တောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းဆန်းထွန်းက ဂုဏ်ပြုအမှာစကား ပြောကြားပြီး မြို့မိမြို့ဖ ဦးပီတာနှင့် ကျောင်းသားမိဘ ဦးမီးကော်ဖူတို့က ကျေးဇူးတင်စကား ပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများက သုံးဘာသာဂုဏ်ထူးရှင် ကျောင်းသူသုံးဦး၊ တစ်ဘာဂုဏ်ထူးရှင် ကျောင်းသူ၊ ကျောင်းသားနှစ်ဦး၊ ရိုးရိုးအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူလေးဦးနှင့် သင်ကြားပို့ချပေးခဲ့သော ဆရာ၊ ဆရာမ (၁၂)ဦးတို့အား ဂု‌ဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး သုံးဘာသာ ဂုဏ်ထူးရှင် ကျောင်းသူ မဒဟမ်နင်ဇီက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ခေါင်လန်ဖူး မြို့နယ်တွင် ၂၀၂၂-ခုနှစ် တက္ကသိုလ်၀င်တန်း စာမေးပွဲဖြေဆိုသူ‌ ကျောင်းသား၊‌ ကျောင်းသူစုစုပေါင်း (၃၅)ဦးအနက် အောင်မြင်သူ (၉)ဦးအောင်မြင်သဖြင့် အောင်ချက်ရာခိုင်နှုန်းမှာ (၂၅.၇၁) ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဂုဏ်ပြုချီးမြှင့်ပွဲတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမြင့်စိုးက ဂုဏ်ပြုဆုငွေကျပ် သိန်း(၁၀)၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးနှင့် မိသားစုက ဂု‌ဏ်ပြုဆုငွေကျပ်သိန်း (၄၅၀၀၀၀)၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် စေတနာရှင်များ ပူးပေါင်းမှုဖြင့် ဂုဏ်ပြု ဆုငွေကျပ်သိန်း (၂၅၅၀၀၀၀) စုစုပေါင်းဂုဏ်ပြုဆုငွေ ကျပ်သိန်း (၄၀)ဖြင့် ဂုဏ်ပြုချီးမြှင့် ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်