မိုင်းကိုင် မတ် ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၌ စာပေချစ်မြတ်နိုးသူများ စုပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းလှိုင်လှိုင်ဦးက စာဖတ်ဝိုင်း ကျင်းပပြုလုပ်မည့် စာရေးဆရာမ ဒေါက်တာခိုင်ခိုင်ဝင်းရေးသားသော လူတိုင်းသိရှိထားသင့်သည့် လူ့အခွင့် အရေး စာအုပ် အကြောင်းကို စတင်ဆွေးနွေးပြီး မြို့နယ်ဥပဒေအရာရှိ ၊ ဦးပြည့်ဖြိုးပိုင်က တရားဥပဒေ စိုးမိုးရေးနှင့် လူ့အခွင့်အရေးအကြောင်း၊ ဒေါ်ညွန့်ညွန့်ရီက ဖွံ့ဖြိုးတိုးတက်မှုနှင့် လူ့အခွင့်အရေး၊ ဒေါ်နန်းသိန်းရွှေက အမျိုး သမီး များနှင့် ငြိမ်းချမ်းရေး၊ ဒေါ်မျိုးသရဖီဇော်က ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၊ ဒေါ်နန်းလုံက ကလေးများအတွက် အသက်ရှင်သန်ခွင့် စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများက မိမိတို့အမြင်များဖြင့် အသီးသီး ပြန်လည် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်းသို့ လူမှုရေးအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ လူငယ်လူရွယ်များ စုစုပေါင်း (၃၅) ဦး တက်ရောက်ခဲ့ကြပြီး လစဉ်စာဖတ်ရှိန်မြှင့်တင်ရေး ကျင်းပပြုလုပ်မည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။
နန်းလှိုင်လှိုင်ဦး(မိုင်းကိုင်)