အမြို့မြို့အနယ်နယ်သတင်းများ

Sep 28,2020
ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုကို ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရန်ကုန်မှ သန်လျင်သို့ ပြေးဆွဲပေးလျက်ရှိသော YBS ယာဉ်များမှလွဲ၍ အခြားသော ကုန်တင်ယာဉ်များ၊ အငှားယာဉ်များနှင့် ကိုယ်ပိုင်ယာဉ်များအား မလိုအပ်ဘဲ သွားလာခြင်းမရှိစေရေး အသိပညာပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်- သန်လျင် တံတားထိပ် သန်လျင်မြို့အဝင်၌ စုပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 28,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် နိုင်ရေး အတွက် မြို့အဝင်ဂိတ်များတွင် နေ့စဉ်စစ်ဆေးဆောင်ရွက်လျက်ရှိိရာ ယမန်နေ့က နေပြည်တော်မှ ပြန် လာသူ(၃)ဦးအား Facility Quarantine ထားရှိကြောင်း သိရသည်။
Sep 28,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကို‌ဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရန်အတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ ကြီးကြပ်၍ Quarantine Centre ကို အမှတ်(၆)ရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာ အထက်တန်းတန်းကျောင်း၌ ယမန်နေ့ ညနေပိုင်းက ထပ်မံဖွင့်လှစ်ခဲ့ကြသည်။
Sep 28,2020
ပဲခူးခရိုင်၊ကျောက်တံခါးမြို့နယ်တွင်   ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်မည့် (၅၆)နှစ်မြောက်  မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို        ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများကို    ကျောက်တံခါးမြို့နယ်၊တောကျွဲအင်း(ခ)အောင်မြင်မြို့ နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့သည်။
Sep 28,2020
နေပြည်တော် တပ်ကုန်းမြို့နယ် ညောင်လွန့်ကျေးရွာ အုပ်စုအတွင်းရှိ ငါးရက်လျှင် တစ်ကြိမ် ဖွင့်လှစ်သော ညောင်လွန့်ဈေးသို့ လာရောက်ကြသည့် ဈေးရောင်း/ဈေးဝယ် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ယနေ့ နံနက်ပိုင်းက ဒို့တပ်ကုန်း အဖွဲ့မှ နှာခေါင်းစည်း (Mask)နှင့် လက်သန့် ဆေးရည်များ (အခမဲ့)ဆောင်ရွက်ပေးသည်။
Sep 28,2020
ကျောက်တန်းမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်တွင် လက်ရှိအချိန်ထိ ပိုးတွေ့ အတည်ပြုလူနာ(၄၄)ဦး ရှိလာသဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွါးမှုကို ထိန်းချုပ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်ရှိ ရွှေမှော်ဝန်းသာသနာ့ဗိမာန်၊ မိုးလုံလေလုံအားကစားရုံ၊ အထက(ခွဲ) အေးမြသီတာကျောင်း၊ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာများနှင့် ထိတွေ့မှုရှိခဲ့သူ( Primary Contact )များ ထားရှိဆောင်ရွက်လျှက်ရှိပြီး မူလွန်ကျောင်း ဆင်ကန်ရပ်ကွက်နှင့် အထက မြိုင်သာယာ ကျောင်းတို့တွင်လည်း Quarantine Centre အဖြစ် ထားရှိနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Sep 28,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ အသက်(၈၀)နှစ်ပြည့်ပြီး (၈၅)နှစ်မပြည့်သေးသည့် သက်ကြီး ဘိုးဘွားများအား ငွေကြေး ထောက်ပံ့ပေးခြင်းကို ယမန်နေ့မှစ၍ ရှမ်းရွာသစ်မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၉) အုပ်စုတို့တွင် တာဝန်ရှိသူများတို့က လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
Sep 28,2020
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ဘုရားကြီးရပ်ကွက် အခွန်လွတ်ဈေး၌ကိုဗစ်-၁၉ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ဈေးရောင်း၊ ဈေးဝယ်  ပြည်သူများအား  နှာခေါင်းစည်း (Mask) နှင့် Face shield   တပ်ဆင်သွားလာကြရန်  အခမဲ့ဖြန့်ဝေပေးခြင်းကို  ယမန်နေ့နံနက်ပိုင်းက    ဈေးတာဝန်ခံ ဦးအောင်ကိုလတ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးဒေါ်ခင်သွယ်သွယ်ထွဋ်တို့က ပူးပေါင်းဆောင်ရွက်ကြောင်း  သိရသည်။