
အများသုံးနေကြတဲ့ အကြော်ခံဆီဆိုတာ ခဏခဏ ပြန်ကြော်ရာမှာ သုံးနေတဲ့အတွက် ရလဒ်ကတော့ ရောဂါရတာချင်းအတူတူပါပဲ။ ဆီကြိုက်တဲ့မြန်မာ တွေ အကြော်ခံဆီကြောင့် ဖြစ်လာနိုင်တဲ့အန္တရာယ် တွေ အသိနည်းကြတာကြောင့်တစ်ကြောင်း၊ စီးပွား ရေးတွက်ခြေကိုက်အောင် ထပ်ပြီးထပ်ပြန်ကြော်ရုံ သာမက ကျန်တဲ့ဆီတွေကိုလည်း စားသုံးနေကြတာ ကတစ်ကြောင်း ကျန်းမာရေးထိခိုက်ကြတာ တွေ့လာရပါတယ်။
ဖွံ့ဖြိုးပြီးနိုင်ငံတွေ၊ အနောက်နိုင်ငံတွေမှာ
အကြော်ခံဆီကြောင့် ဖြစ်လာရတဲ့ကျန်းမာရေး ပြဿနာကတော့ မြန်မာနိုင်ငံသာမက တစ်ကမ္ဘာ လုံးနဲ့ဆိုင်နေပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေ၊ အနောက် နိုင်ငံတွေမှာတော့ သိပ္ပံနည်းပညာကို အသုံးပြုပြီး ဟင်းသီးဟင်းရွက်၊ သီးနှံကရတဲ့ဆီကို အကြော်ခံဆီ ပြုလုပ်စားသုံးလေ့ရှိကြပါတယ်။ ကိတ်မုန့်၊ ဘီစကွတ်ကအစ ပေါင်မုန့်အဆုံး အကြော်ခံဆီတွေ ကို သုံးကြတယ်။ ဆီကိုပျစ်ခဲအောင် လုပ်ထားတဲ့ အတွက် ထားသိုအသုံးပြုရလွယ်တယ်။ ခရစ်စကို (Crisco) အစရှိတဲ့ဆီခဲတွေကို တွင်တွင်ကျယ်ကျယ် သုံးကြရာက အဲဒီဆီတွေထဲမှာ ပါလာတဲ့ Transfat ဆိုတဲ့ ဆီဆိုးတစ်မျိုးရဲ့ဒဏ်ကို ခံလာကြရတယ်။ ရောဂါတွေဖြစ်ကြ၊ သေကြတယ်။
သာမန်အားဖြင့် ကျွန်တော်တို့နားလည်ထား တာက တိရစ္ဆာန်တွေကရတဲ့ဆီ (Animal Fat) တွေဟာ အဝလွန်အဆီပိတ်စေတယ်။ သွေးတိုး၊ နှလုံး စတဲ့ ရောဂါအမျိုးမျိုး ကြုံတွေ့ရနိုင်တယ်ဆိုတာပါပဲ။
ဒါကြောင့် အမဲဆီ၊ ဝက်ဆီ စတာတွေကို တတ်နိုင်သမျှ မသုံးကြတော့ပါဘူး။ ဟင်းသီး ဟင်းရွက် သီးနှံတွေကရတဲ့ ဆီတွေကတော့ ကျန်းမာရေးထိခိုက်မှုနည်းတယ်လို့ ယုံကြည်ပြီး တွင်တွင်ကျယ်ကျယ်သုံးခဲ့ကြပါတယ်။ အဲဒီထဲမှာ အတွင်ကျယ်ဆုံးနဲ့ ဈေးအပေါဆုံးကတော့ စားအုန်းဆီပါပဲ။ တိရစ္ဆာန်တွေကရတဲ့ ဆီတွေဟာ ပြည့်ဝဆီ (Saturated) တွေဖြစ်တယ်။ ကြာကြာ စားသုံးရင် အန္တရာယ်ဖြစ်တယ်။ ဟင်းသီးဟင်းရွက် သီးနှံကရတဲ့ဆီတွေက မပြည့်ဝတဲ့ဆီ (Unsaturated Fat) တွေဖြစ်တယ်။ ကျန်းမာရေးထိခိုက်မှုအန္တရာယ် နည်းတယ်လို့ သိခဲ့ရတယ်။
ဒါပေမဲ့ သုတေသနတွေ တိုးတက်လာတာ နဲ့အမျှ တိရစ္ဆာန်ထွက်ဆီတစ်မျိုးဖြစ်တဲ့ ငါးကြီး ဆီနဲ့ အခြားငါးတွေကရတဲ့ အဆီတွေဟာ ကျန်းမာ ရေးကို အထောက်အကူပြုတဲ့ “ဆီကောင်း” တွေ ဖြစ်တယ်ဆိုတာ တွေ့လာရတယ်။ ငါးဆီထဲမှာ အိုမီဂါ ၃၊ အိုမီဂါ ၆၊ အိုမီဂါ ၉ ဖက်တီးအက်စစ်ဆိုတဲ့ အဆီသုံးမျိုးဟာ အဝလွန်ရောဂါ၊ သွေးတိုး၊ နှလုံး ရောဂါသည်တွေကို ကုသရာမှာတောင် သုံးလို့ ကောင်းတာ တွေ့ကြရတယ်။ သွေးထဲမှာ စေးပျစ် ပိတ်ဆို့နိုင်တဲ့ ဆီဆိုးတွေကို လျှော့ချပစ်နိုင်တယ်။ တစ်ချိန်တုန်းကတော့ သွေးထဲမှာ ကိုလက်စထရော ဘယ်လောက်ပါသလဲ စစ်ကြတယ်။ များရင်အဆီ ပိတ်မယ်၊ သွေးတိုးမယ်၊ နှလုံးရောဂါရမယ်လို့ ခန့်မှန်းကြတယ်။ အခုနောက်ပိုင်းမှာ Cholesterol ထက် ပိုပြီးတိကျတဲ့ဓာတ်တွေကို စစ်ဆေးနိုင်လာ ကြတယ်။ LDL (Low Density Lipoprotein) နဲ့ HDL (High Density Lipoprotein) ဆိုတဲ့ အဆီဓာတ်နှစ်မျိုးကို ဖော်ထုတ်လာကြတယ်။ LDL ဆိုတာက “ဆီဆိုး”ပဲ။ သွေးလွှတ်ကြောတွေ ထဲမှာ အနည်ထိုင်နိုင်တယ်။ နှလုံးသွေးကြောတွေကို ပိတ်ဆို့နိုင်တယ်။ သွေးတိုး၊ နှလုံးရောဂါတွေရဲ့ အဓိကလက်သည်ပဲ။ HDL ဆိုတာ “ဆီကောင်း”ပါ။ သွေးထဲက ဆီဆိုးတွေကို လျှော့ချပစ်နိုင်တယ်။ သွေးကြောကျဉ်းတာ၊ ပိတ်ဆို့တာ ၊ အဆီပိတ်တာ မျိုးကို ကာကွယ်နိုင်တယ်။
ခန္ဓာကိုယ်ထဲမှာ ဖွဲ့တည်နေတဲ့ အဆီဖွဲ့စည်းမှု ပြောင်းလဲမှုသဘာဝတွေကို အရိပ်အမြွက်မျှ ဖော်ပြ ရတာကလည်း အကြော်ခံဆီနဲ့ ပြန်ကြော်ဆီတွေရဲ့ အန္တရာယ်ကို ရှင်းရှင်းလင်းလင်း သိစေလိုလို့ပါပဲ။ ဝက်ဆီလိုမျိုး အသားကရတဲ့အဆီကိုစားရင် သွေးထဲမှာ အဆီပိတ်တာမှန်ပါတယ်။ ဒါပေမဲ့ ဆီကောင်းဖြစ်တဲ့ HDL ကို မလျော့စေပါဘူး။ ပြန်ကြော်ဆီတွေ၊ အကြော်ခံဆီတွေ စားတဲ့သူမှာ တော့ သွေးထဲမှာ LDL ဆီဆိုးတွေ တိုးရုံသာမက HDL ဆီကောင်းတွေကိုပါ လျှော့ချပစ်လိုက်တဲ့ အတွက် အန္တရာယ်နှစ်ဆဖြစ်စေပါတော့တယ်။
အယ်လ်ဇိုင်းမားဆိုတဲ့ သူငယ်ပြန်ရောဂါ
အန္တရာယ်နှစ်ဆတိုးသွားတော့ ဘယ်လိုထိခိုက် သွားမလဲ။ နှလုံးရောဂါ၊ သွေးတိုးရောဂါတွေ ပိုဆိုး သွားတာပါပဲ။ သွေးကြောတွေ ကျဉ်းသွားတာ၊ ပိတ်ဆို့စေတာတွေကြောင့် နှလုံးတိုက်ခိုက်ခံရမှု (Heart Attack) တွေ ခံစားရတာများပါတယ်။ ဒါ့အပြင် အခြားသောအဝလွန်ခြင်းရဲ့ဆိုးကျိုးတွေ ဖြစ်တဲ့ ဆီးချိုရောဂါ၊ အသည်းအဆီဖုံးရောဂါတွေ ဖြစ်စေပါတယ်။ အယ်လ်ဇိုင်းမားဆိုတဲ့ သူငယ်ပြန် ရောဂါတစ်မျိုးကိုလည်း ဖြစ်စေပါတယ်။ ယောက်ျား တွေမှာ ဆီးကျိတ်ကင်ဆာ၊ မိန်းမတွေမှာ သားမြတ် ကင်ဆာတွေ ပိုအဖြစ်များတယ်လို့ ပြင်သစ်နိုင်ငံ သုတေသနမှာ တွေ့ရှိရပါတယ်။ အမျိုးသမီးတွေမှာ သားဥအိမ်ကို ထိခိုက်ပြီး မြုံသွားတာမျိုးလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ဟင်းသီးဟင်းရွက်ကရတဲ့ဆီတွေကို မာဂျရင်း လို ထောပတ်ခဲဖြစ်အောင်လုပ်တဲ့ လုပ်ငန်းစဉ်မှာ ဆီဓာတ်ဟာ Transfat အဖြစ်နဲ့ ပြောင်းလဲသွား ပါတယ်။ မူလက ဟင်းသီးဟင်းရွက်ဆီတွေဟာ ကျန်းမာရေးအန္တရာယ်နည်းပေမယ့် အကြော်ခံဆီ ဖြစ်သွားတဲ့အခါမှာ အန္တရာယ်များလာပါတယ်။ မပြည့်ဝဆီကနေ အကြော်ခံဆီနဲ့ ပြန်ကြော်ဆီအဖြစ် ပြောင်းသွားတာကြောင့် အသားကရတဲ့ ပြည့်ဝ ဆီထက် ပိုဆိုးသွားတဲ့သဘောပါပဲ။ အရပ်ထဲမှာ အကြော်ခံဆီအနေနဲ့ သုံးတာများတဲ့ စားအုန်းဆီ ပျစ်ပျစ်တွေဟာလည်း ကြော်လိုက်တဲ့အခါမှာ Transfat တွေ ဖြစ်သွားတာပါပဲ။
စားအုန်းဆီမှာ ပြည့်ဝတဲ့ဆီနဲ့ မပြည့်ဝဆီ တစ်ဝက်စီလောက် ပါနေတယ်။ ဆီကိုသန့်ထုတ်ပြီး မပြည့်ဝဆီတွေ ခွဲယူနိုင်ရင်တော့ မဆိုးပါဘူး။ ဒါပေမဲ့ ဆီပုလင်းထဲမှာ အနည်အနှစ်တွေ တွေ့နေ မယ်၊ လွယ်လွယ်ကူကူခဲနေမယ်ဆိုရင်တော့ ပြည့်ဝဆီတွေ များနေတဲ့သဘောပါပဲ။ အုန်းဆီလို ပါပဲ။ အုန်းဆီကို ဘယ်သူမှ ကြော်တဲ့အခါမှာ မသုံးပါ ဘူး။ အကြော်ခံဆီလည်း မလုပ်ကြပါဘူး။ ပဲဆီထဲ စားအုန်းဆီပျစ်ပျစ်တွေ ရောထည့်ထားတဲ့ အကြော်ခံဆီမျိုးကျတော့ ဈေးသက်သာသွားပေမယ့် ကျန်းမာရေးအရ မသက်သာတော့ဘူးဆိုတာ သတိပြုမိကြဖို့ လိုအပ်ပါတယ်။
ဇီဝလောင်စာအဖြစ် ပြန်လည်အသုံးချ
အကြော်ခံဆီရဲ့ သဘောကတော့ ဆီရဲ့အငွေ့ပျံမှတ် မြင့်တဲ့အတွက် တော်ရုံနဲ့ဆီမခန်းတာကြောင့် ကြာကြာကြော်လို့ရတဲ့ သဘောပါပဲ။ ပိုဆိုးတာက တစ်ခါကြော်ရုံနဲ့ ဆီက ကုန်သွားတာမဟုတ်တော့ ထပ်ပြီး ထပ်ပြန်ကြော်နေသမျှ ရောဂါတိုးဖို့သာပဲ ရှိပါတယ်။ ဟိုတယ်တွေမှာတော့ ကြော်ပြီးသား ဆီတွေကို ပြန်သုံးခွင့်မရှိပါဘူး။ ပြန်ရောင်းခွင့်လည်း မရှိပါဘူး။ စားသုံးမှုမပြုဘဲ သွန်ပစ်ရမှာ၊ ဖျက်ဆီး ပစ်ရမှာ ဖြစ်ပါတယ်။ အခု နောက်ပိုင်းမှာတော့ ဇီဝလောင်စာ (Biofuel) အဖြစ် ပြန်လည်အသုံးချ ဖို့ ကြိုးစားနေတာ တွေ့ရပါတယ်။ အဓိကကျတာက ပြန်ကြော်ဆီဆိုရင် ဘယ်ဆီမှ ကျန်းမာရေးအတွက် မကောင်းဘူးဆိုတဲ့ အချက်ပါပဲ။ အကြော်ကြိုက်တဲ့ မြန်မာပရိသတ်အတွက် သတိထားစရာအချက်ပါပဲ။
ဆီဆိုတာ မရှိမဖြစ် အာဟာရတစ်မျိုးလို့ မပြော နိုင်ပါဘူး။ တိုင်းရင်းသားတွေရဲ့ ဟင်းလျာထဲမှာ ဆီမပါဘဲ ကျန်းမာနေကြတာ အထင်အရှားပါပဲ။ ကျန်းမာရုံမက ကြံ့ခိုင်ကြပါတယ်။ မာရသွန်အဝေးပြေး သမားတွေဆိုရင် တောင်ပေါ်သားတွေ များပါတယ်။ မြေပြန့်သားတွေကတော့ ဆီကြိုက်ကြတယ်။ ပဲပြုတ်နဲ့ ထမင်းဆီဆမ်းကို နံနက်စာ စားရတာ ကြိုက်ကြတယ်။ ထမင်းပူပူကို နှမ်းဆီလေးဆမ်းပြီး နယ်စားရတာ အရသာရှိလှတယ်။ ရှေးမြန်မာကြီးတွေ ကျန်းမာကြတယ်ဆိုတာ သူတို့စားတဲ့ အစာပေါ်မှာ တည်တာပဲ။ နှမ်းဆီဖြစ်ဖြစ်၊ ပဲဆီဖြစ်ဖြစ် ဆုံဆီ သန့်သန့်လေးဆိုရင် ဘာချွတ်ဆေးမှလည်း မပါဘူး။ ဘယ်လိုအကြော်ခံဆီမှလည်း ရောမထားဘူး။ ပဲပြုတ်နဲ့ ဆီဆမ်းပြီးစားလိုက်ရင် အင်အားဓာတ်ရယ်၊ အသားဓာတ်ရယ်ပါသွားပြီပဲ။ လိုနေတာက အစိမ်း ရောင် ဟင်းသီးဟင်းရွက်တစ်မျိုးမျိုး၊ ဒါမှမဟုတ် သစ်သီးတစ်မျိုးမျိုး တွဲဖက်ပြီးစားလိုက်ရင် မျှတတဲ့ အာဟာရဖြစ်သွားပါပြီ။
ဘူးသီးကြော်၊ ပဲကြော်၊ ငါးကြော်၊ အသား ကြော်တွေ ပါလာပြီဆိုရင်တော့ ခန္ဓာကိုယ်ထဲ အဆီဝင်တာ များသွားပါပြီ။ ဆီဆိုးတွေလည်း တိုးဝင်သွားပါပြီ။ ခေတ်မီသူတွေကတော့ ဒင်ဆမ်း (Dim Sum) ဆိုတဲ့ အသီးအရွက်ပေါင်း၊ အသား ပေါင်းတွေကို ရွေးချယ်စားလာကြပါပြီ။ အကြော် တွေကို ရှောင်ကုန်ကြပါပြီ။ ပေါင်းထားတဲ့အသား တွေ၊ ဟင်းသီးဟင်းရွက်တွေမှာ ဆီဆိုးတွေ လုံးဝ မပါတော့ဘူး။ သဘာဝအာဟာရဓာတ်လည်း အပျက်အစီးနည်းပါတယ်။ ဂေါ်ဖီရွက်၊ ဆလတ် ရွက်၊ သခွားသီး၊ ပဲသီးတွေကို စင်အောင်ဆေးပြီး လတ်လတ်ဆတ်ဆတ် တဂျွမ်းဂျွမ်းမြည်အောင် ကိုက်စားရတာဟာ ကျန်းမာရေးထိခိုက်နိုင်မယ့် အန္တရာယ် နည်းသွားတာတော့ သေချာပါတယ်။
သုတေသနစာတမ်းတစ်ခုမှာ
ကျွန်တော်တို့က ဆီလျှော့စားပါလို့ အသိပညာ ပေးတဲ့အခါမှာ တချို့မကြိုက်ကြပါဘူး။ ဆီပါမှ အရသာရှိမယ်လို့ ထင်ခဲ့တာရယ်၊ မိသားစုထဲမှာ သင်ခဲ့တာရယ်ဟာ အစွဲဖြစ်နေတာ များပါတယ်။ ၁၉၉၂ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့သုတေသနစာတမ်း တစ်ခုမှာ မြန်မာတို့ရဲ့ပျမ်းမျှနေ့စဉ် ဆီစားသုံးမှုဟာ သုည ဒသမ ၅၄ ကျပ်သားဖြစ်ပါတယ်။ ပုံမှန် အာဟာရ လိုအပ်ချက်နဲ့ယှဉ်ရင် မျှတပါတယ်။ ၁၉၉၅ ခုနှစ် သုတေသနစာတမ်းတစ်ခုမှာတော့ လူတစ်ယောက် တစ်နေ့ဆီစားနှုန်း ၁ ဒသမ ၇၂ ကျပ်သား ဖြစ်သွားပါတယ်။ သုံးဆတိုးပြီး စားလာ ကြတဲ့သဘောပါပဲ။ တတ်နိုင်တာနဲ့ ဆီကို များများ စားသုံးမယ့်အစား သဘာဝအာဟာရကို မျှတစွာ စားသုံးပြီး ကျန်းမာကြစေချင်ပါတယ်။
ဖွံ့ဖြိုးပြီးနိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ ကနေဒါ၊ သြစတြေးလျနဲ့ ဥရောပနိုင်ငံတွေမှာတော့ အကြော်ခံ ဆီတွေကို မီးဖိုထဲက ဖယ်ထုတ်ပစ်နေကြပါတယ်။ “Clear your Kitchen of Transfat” လို့ ဆောင်ပုဒ် ထုတ်ပညာပေးနေကြပါတယ်။ စားသောက်ကုန် ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတွေကလည်း မိမိတို့ ထုတ်ကုန်မှာ အကြော်ခံဆီတွေမပါအောင် ကြိုးစားနေကြပါတယ်။ စားသောက်ဆိုင်တွေမှာ လည်း အကြော်ခံဆီအသုံးပြုနှုန်းကို ထိန်းချုပ်ဖို့ ကြိုးစားနေကြပါတယ်။ အားလုံးရဲ့ကျန်းမာရေး အတွက်ပဲဖြစ်ပါတယ်။
ဆီလျှော့စားပါ။
မလျှော့နိုင်ရင် အကြော်လျှော့စားပါ။
အကြော်ကြိုက်ရင် ပြန်ကြော်ဆီမသင့်ပါ။
ပြန်ကြော်ဆီ(Transfat)တွေဟာ ကျန်းမာရေး နဲ့ မညီဘူးဆိုတဲ့အချက်ကို အိမ်ရှင်မတွေ၊ စားသောက်ဆိုင်ရှင်တွေ၊ လက်လီလက်ကား ဈေးသည်တွေ သိစေချင်ပါတယ်။ ။
ဒေါက်တာခင်မောင်လွင်
- Log in to post comments