အခုအချိန်မှာ ပတ်ဝန်းကျင်နိုင်ငံတွေမှာလည်း ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်တွေ့နေရတဲ့အတွက် အမြဲတမ်းစောင့်ကြည့်နေပါတယ်။ ကိုဗစ်တတိယလှိုင်းမဖြစ်အောင် အတတ်နိုင်ဆုံးကြိုးစားပြီးကာကွယ်ဖို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက လုပ်ဆောင်လျက်ရှိပါတယ်

Type
1

 

 

တွေ့ဆုံမေးမြန်း-သီသီမင်း၊ မင်းသစ်(MNA)/ဓာတ်ပုံ-နေလင်း

 

 

ကမ္ဘာ့နိုင်ငံတချို့တွင် ဖြစ်ပေါ်နေသည့် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ပိုးအသစ်နှင့် ပတ်သက်ပြီး ကျန်းမာရေးဆိုင်ရာ လိုက်နာရမည့်အချက်များ၊ ဆောင်ရွက်ထားရှိမှု အခြေအနေတို့နှင့် ပတ်သက်၍ ဆေးတက္ကသိုလ်(၂) ရန်ကုန်၊ ပါမောက္ခ၊ ဌာနမှူး ဆေးပညာဌာန၊ ပါမောက္ခ ဒေါက်တာဒေါ်သင်းသင်းနွဲ့နှင့် တွေ့ဆုံမေးမြန်းထားသည်များကို တင်ပြလိုက်ရပါသည်။

မေး။ ။ ကမ္ဘာ့နိုင်ငံအချို့မှာ လက်ရှိဖြစ်ပွား

နေတဲ့ ဗီဇပြောင်းကိုရိုနာ ဗိုင်းရပ်စ် ပိုးအသစ်နဲ့ပတ်သက်ပြီး ရှင်းပြပေးစေ လိုပါတယ်။

ဖြေ ။ ။ ကိုဗစ်-၁၉ ဗီဇပြောင်း ကိုရိုနာ

ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး အမေရိ ကန်နိုင်ငံရှိ Centre of disease control and prevention (CDC) က ထုတ်ပြန် ထားတဲ့ အချက်အလက်တွေကို ကိုးကားပြီး ပြောပြချင်ပါတယ်။ ဗိုင်းရပ်စ်ဆိုတာက တော့ အချိန်နဲ့အမျှ mutation (မျိုးဗီဇ ပြောင်းလဲခြင်း)များ ဖြစ်တတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ဗိုင်းရပ်စ်ပိုး အသစ်လေးတွေကတော့ ဖြစ်ပေါ်လာ တတ်ပါတယ်။ တစ်ခါတစ်ရံမှာ မူကွဲအသစ် လေးတွေပေါ်ပေါက်လာပြီး ပြန်လည် ပျောက်ကွယ်သွားတာမျိုးလည်း ရှိသလို တစ်ခါတစ်ရံမှာ ဆက်လက်ပြီး တည်ရှိ နေတာမျိုးလည်း ရှိပါတယ်။ ဒါကြောင့် ကိုဗစ်-၁၉ ဖြစ်စေတဲ့ ဗိုင်းရပ်စ်မျိုးကွဲ များစွာတွေကို ဒီရောဂါဖြစ်ပွားမှုအတွင်း ဗြိတိန်နဲ့ ကမ္ဘာ့နိုင်ငံအနှံ့အပြားမှာ မှတ်တမ်း တင်ထားပါတယ်။ ဗီဇပြောင်း ကိုရိုနာ ဗိုင်းရပ်စ်ဟာ မူလကိုရိုနာ ဗိုင်းရပ်စ်ထက် ၇ဝ ရာခိုင်နှုန်းပိုပြီး လွယ်ကူလျင်မြန်စွာ ပျံ့နှံ့ နိုင်ပါတယ်။ အခု လောလောဆယ်အချိန်မှာ တော့ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်က ပိုမို ပြင်းထန်တဲ့ ဖျားနာခြင်း သို့မဟုတ် သေဆုံး နိုင်ခြေ ပိုမိုမြင့်မားကြောင်း သက်သေ အထောက်အထား မရှိသေးပါဘူး။ လက်ရှိ ဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ နဲ့ အတူတူပါပဲ။ လက်ရှိခွင့်ပြုထားတဲ့ ကာကွယ်ဆေးတွေက ကာကွယ်နိုင်မှု ရှိ၊ မရှိဆိုတာ ပိုမိုလေ့လာဖို့ ကြိုးစားနေကြပါတယ်။

မေး။ ။ ဗိုင်းရပ်စ်ပိုးအသစ်က အရှေ့တောင်

အာရှနိုင်ငံတွေနဲ့ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံအချို့ကို ပျံ့နှံ့ရောက်ရှိနေပြီ လို့သိရတဲ့အတွက် ပြည်သူတွေ ကာကွယ် ရမယ့် နည်းလမ်းတွေကိုလည်း ပြောပြပေး ပါဦး။

ဖြေ ။ ။ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ်

က အိမ်နီးချင်း နိုင်ငံတွေမှာ ရောက်ရှိနေတာကို CDC မှာ ပြထားတဲ့ ရောဂါကူးစက်မှုပြ ဇယားလေးကို ကြည့်ခြင်း အားဖြင့် သိရှိနိုင်ပါတယ်။ အခုအချိန်မှာ မြန်မာနိုင်ငံအနေနဲ့ ရောဂါဖြစ်ပွားနှုန်း လျော့ကျလာပြီဖြစ်ပေမယ့် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်က ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံ တွေမှာ ရောက်ရှိကူးစက်နေကြောင်း သတင်းများကြားသိရတဲ့အတွက် ကျွန်မ တို့ ပြည်သူတွေဟာ မပေါ့ဆသင့်ပါဘူး။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့သတင်းတွေကို စောင့်ကြည့် နားထောင်ပြီး မိမိကိုယ်ကို ကာကွယ်ကြရ မှာ ဖြစ်ပါတယ်။ အဓိက ကာကွယ်နည်း သုံးနည်းဖြစ်တဲ့ လက်ဆေးပါ။ Mask တပ် ပါ။ တစ်ဦးနဲ့တစ်ဦး ၆ ပေအကွာ နေပါ။ ဒီနည်းလမ်းတွေနဲ့ပဲ ဆက်လက်ကာကွယ် ကြရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရောက်ရှိနေပြီလားဆိုတာ ကတော့ အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်း၊ ဆေးသုတေသနဦးစီးဌာနတွေက နေပြီးတော့ လူနာတွေက နှာခေါင်းတို့ဖတ်၊ အာခေါင် တို့ဖတ်ယူပြီး RT-PCR နဲ့ Whole genomic sequencing နဲ့ စမ်းသပ်နေတယ်။ အခုထိ တော့ တွေ့ရှိရခြင်း မရှိပါဘူး။

မေး ။ ။ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုးက

လက်ရှိဖြစ်နေတဲ့ ဗိုင်းရပ်စ်နဲ့ဆင်တူ ပါသလား။ ကူးစက်ခံရရင် ရောဂါလက္ခဏာ ဘယ်လိုပြသလဲ သိချင်ပါတယ်။

ဖြေ ။ ။ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကတော့

ကိုဗစ်-၁၉ နဲ့ တူပါတယ်။ ကူးစက် ခံရရင် ရောဂါလက္ခဏာပြတာ အတူတူပါပဲ။ ဖျားနာတယ်။ ချောင်းဆိုးတယ်။ အသက်ရှူ ကျပ်တယ်။ ပင်ပန်းနွမ်းနယ်တယ်။ ခန္ဓာကိုယ် က နာကျင်ကိုက်ခဲတယ်၊ ခေါင်းကိုက်တယ်။ အနံ့မရဘူး။ အစားအစာ စားတဲ့အခါ အရသာ မရှိဘူး။ ဒီလက္ခဏာတွေကတော့ မူလတွေ့ရှိ တဲ့ ကိုဗစ်-၁၉နဲ့ အတူတူပါပဲ။ ပြောင်းလဲမှု မရှိပါဘူး။

မေး ။ ။ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုး

အသစ် ကူးစက်ခံရပြီဆိုရင် ဆေးဝါးကုသ ပေးဖို့အတွက် ကြိုတင်ပြင်ဆင်ထားရှိမှု အခြေ အနေကိုလည်း သိချင်ပါတယ်။

ဖြေ ။ ။ ဗြိတိန်နိုင်ငံမှာ ထူးခြားတဲ့ပြောင်းလဲ

မှုတွေနဲ့ ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ပေါ်နေပြီဆိုကတည်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အမြဲတမ်း စောင့် ကြပ်ကြည့်ရှုမှုတွေ ပြုလုပ်နေပါတယ်။ ပြည်သူတွေအနေနဲ့ ကိုဗစ်-၁၉ ရောဂါ သံသယရှိတယ်ဆိုရင် ရပ်ကွက်အုပ်ချုပ်ရေး မှူးရုံးကနေ မြို့နယ်ကျန်းမာရေးဌာနကို အကြောင်းကြားပါ။ ကျန်းမာရေးဌာနကနေ ပြီး ဆေးရုံကို လူနာတွေစေလွှတ်ပြီးတော့ စစ်ဆေးမှုတွေ ပြုလုပ်ပါတယ်။ ပြည်သူ့ ဆေးရုံကြီး၊ မြို့နယ်ဆေးရုံ၊ မြို့နယ်ကျန်းမာ ရေးဌာနက ကိုဗစ်-၁၉ ရောဂါကုသဖို့အတွက် အမြဲတမ်းအဆင်သင့် ဖြစ်နေပါတယ်။ လူတစ်ယောက်က သူဖျားတယ်။ နှာချေ၊ ချောင်းဆိုးတယ်ဆိုတာနဲ့ မြို့နယ်ကျန်းမာ ရေးဌာနကို အကြောင်းကြားလိုက်မယ်။ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် ယူမယ်။ တွေ့ရှိရင် လူနာရဲ့ ရောဂါအတိမ်အနက် အပေါ်မူတည်ပြီး ဆေးရုံမှာထားရှိပြီး ကုသ ပါမယ်။ ပြင်းထန်တဲ့ အဆုတ်ရောင်ရောဂါ ဖြစ်တယ်ဆိုတာနဲ့ ဆေးရုံမှာ အောက်ဆီဂျင် တွေပေးမယ်။ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ပေးမှာပါ။ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားတဲ့ Guideline အတိုင်း ကို ကုသမှုတွေပေးမှာ ဖြစ်ပါတယ်။

အခုအချိန်မှာ ပတ်ဝန်းကျင် နိုင်ငံတွေ မှာလည်း ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် တွေ့နေ ရတဲ့အတွက် အမြဲတမ်းစောင့်ကြည့်နေပါ တယ်။ ကိုဗစ်တတိယလှိုင်းအဖြစ်ခံလို့ မရ ပါဘူး။ ကျွန်မတို့မှာရှိတဲ့ ငွေအင်အား၊ လူ့စွမ်းအားအရင်းအမြစ်တွေရယ်၊ ကုသရေး ပစ္စည်းတွေရယ်နဲ့ ကိုဗစ် တတိယလှိုင်းမဖြစ် အောင် အတတ်နိုင်ဆုံးကြိုးစားပြီး ကာကွယ်ဖို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လုပ်ဆောင်လျက်ရှိပါတယ်။

မေး ။ ။ မြောက်ဥက္ကလာပဆေးရုံမှာ ကိုဗစ်

လူနာတွေ ကုသပေးနေတဲ့ အခြေ အနေကိုလည်း သိချင်ပါတယ်။

ဖြေ ။ ။ မြောက်ဥက္ကလာပ ဆေးရုံကြီးက

တော့ ကိုဗစ်-၁၉ ဒုတိယလှိုင်း ဖြစ်တဲ့အချိန်မှာ ကိုဗစ်-၁၉ Positive လူနာတွေကို တာဝန်ယူကုသဖို့(Isolation ward) ၁၂ ခု ဖွဲ့စည်းထားတယ်။ (Isolation ward)မှာ ဆေးပညာဌာနနဲ့ ဆေးပညာနှီးနွှယ် အထူးကုဌာနတွေ၊ ခွဲစိတ်ပညာဌာနနဲ့ နှီးနွှယ် အထူးကုဌာနတွေ၊ သားဖွားနှင့် မီးယပ် အထူးကုဌာနတွေ၊ အရေးပေါ်ဆေးပညာ ဌာနတွေမှ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခ များ၊ ကထိကများ၊ လက်ထောက်ကထိက များ ဦးဆောင်တဲ့ဆရာဝန်များ၊ သူနာပြု ဆရာမကြီးတွေ ပါဝင်တဲ့ Healthcare Personnel တွေက ကိုဗစ်-၁၉ လူနာတွေကို ကုသပေးနေပါတယ်။ ဒုတိယလှိုင်းမှာ လူနာ တက်ရောက်မှုက အရင်က ၄၀၀ ထိ ရှိတယ်။ အခုကတော့ လူနာ ၂ဝဝ လောက်ပဲ ရှိပါ တော့တယ်။ တစ်ဝက်လောက် လျော့ကျသွား ပါတယ်။ အရေးပေါ်ဌာနကိုလာတဲ့ လူနာ တွေလည်း တစ်ဝက်လောက်တော့ လျော့ကျ နေပါတယ်။ နောက်တစ်ခုက မြောက် ဥက္ကလာပဆေးရုံမှာ ကုသမှုကို အချိန်နဲ့ တစ်ပြေးညီ ဆောင်ရွက်တဲ့အတွက်ကြောင့် ကိုဗစ်ရောဂါကြောင့် သေဆုံးမှုရာခိုင်နှုန်းက အနည်းငယ်သာရှိပါတယ်။ ကျန်းမာစွာနဲ့ ဆေးရုံကဆင်းတာ များပါတယ်။

မေး ။ ။ ဖြည့်စွက် ပြောကြားစရာရှိရင်

ပြောကြားပေးစေလိုပါတယ်။

ဖြေ ။ ။ ရောဂါတစ်ခု မဖြစ်ခင် ကြိုတင်

ကာကွယ်မှုက အရေးကြီးပါတယ်။ ကာကွယ်တဲ့ နည်းလမ်းကတော့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ညွှန်ကြား တဲ့အတိုင်း အဓိက Mask တပ်ပါ။ လက်ဆေး ပါ။ လက်ဆေးဖို့ အဆင်သင့်မရှိရင် လက်သန့်ဆေးရည်သုံးပါ။ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေပါ။ ရိုးရိုးလေးပါပဲ ဒီကာကွယ် ရေး နည်းလမ်းက သုံးခုပဲရှိတယ်။ အဲဒီ အချက် သုံးချက်ကို လိုက်နာမယ်ဆိုရင် ရောဂါမဖြစ်နိုင်ဘူး။ မလိုအပ်ဘဲနဲ့လည်း လူစုလူဝေးရှိတဲ့ နေရာမသွားဖို့ အရေးကြီး တယ်။ အဓိကမဖြစ်အောင် ကာကွယ်တာ အကောင်းဆုံးပါပဲ။

ပြည်သူတွေကြားမှာ ရောဂါဖြစ်လို့ရှိရင် တစ်ယောက်နဲ့ တစ်ယောက်တော့ မတူဘူး။ ၈၅ ရာခိုင်နှုန်းက သာမန် ဖြစ်တယ်။ ကျန်တဲ့ ၁၅ ရာခိုင်နှုန်းက ပြင်းထန် အဆုတ်ရောင် ရောဂါဖြစ်ရင် စိုးရိမ်ရတယ်။ ကိုဗစ်လက္ခဏာ သံသယရှိတယ်ဆိုရင်တော့ အတတ်နိုင်ဆုံး ကတော့ နီးစပ်ရာ ကျန်းမာရေးဌာန၊ ဆေးရုံကို လာရောက်ပြီး စစ်ဆေးပြသဖို့ အရေးကြီးပါတယ်။ လာရောက်ပြသပြီ ဆိုရင် သူ့ရဲ့မိသားစုကို မကူးစက်အောင် ကာကွယ်ပြီးသား ဖြစ်သွားတယ်။ ရောဂါ ကူးစက်ခံရပြီဆိုရင် ဒီရောဂါက သာမန် ဖြစ်မလား။ ပြင်းထန်ဖြစ်မလားဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ လူ့အသက်က အရေးကြီးပါတယ်။ ဖြစ်တယ်ဆိုတာနဲ့ နီးစပ်ရာ ကျန်းမာရေးဌာန၊ ဆေးရုံတွေမှာ ကုသမှုခံယူသင့်တယ်။ ဆေးရုံမှာ ကုသ နေရင်း သာမန်ဆိုရင် သတ်မှတ်ထားတဲ့ ၁၁ ရက်အတွင်းမှာ လူနာက တခြားပြင်းထန် တဲ့ လက္ခဏာမရှိဘူးဆိုရင် ပေးပြန်တယ်။ စောင့်ကြည့်နေတဲ့ ကာလအတွင်းမှာ လူ့ခန္ဓာ ကိုယ်ထဲမှာ အောက်ဆီဂျင်ကျတယ်ဆိုရင် အချိန်မီ ကုသမှုပေးနိုင်တယ်ဆိုရင် လူ့ အသက်များစွာကို ကယ်တင်နိုင်တယ်။ အဓိက ဆေးရုံ၊ ဆေးခန်းလာဖို့လည်း မကြောက်ပါနဲ့။ ကျွန်မတို့ ဆေးရုံမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေက အချိန်ပြည့် လည်း ရှိပါတယ်။ ကူညီဖို့လည်း အသင့်ရှိပါ တယ်။ တစ်ခုခုကိုစိတ်ပူပြီး ကိုဗစ်လက္ခဏာ ရှိရင် ဆေးသုတေသနဦးစီးဌာနက ဖွင့်ထား တဲ့ Call Centre တွေလည်း ရှိတယ်။ နောက်ပြီး မြန်မာနိုင်ငံ ဆရာဝန်များအသင်း ကနေဖွင့်ထားတဲ့ Call Centre လည်းရှိ တယ်။ ကျွန်မတို့ရဲ့ ဆေးတက္ကသိုလ်(၂)ကနေ အချိန်ပြည့်ဖွင့်ထားတဲ့ Health Information Counselling Advice Call Centreတွေကို ဆက်သွယ်ပြီးတော့ မေးမြန်း လို့လည်း ရပါတယ်။ အချိန်မီ ဆေးကုသမှု ခံယူဖို့၊ စစ်ဆေးမှုခံယူဖို့ အရေးကြီးပါတယ်။

ယခုလို ဖြေကြားပေးတာ ကျေးဇူးတင် ပါတယ်။ ။