အတုအပအန္တရာယ်ကင်းရှင်းရေး ပူးပေါင်းဆောင်ရွက်

Type

အတုသည် အစစ်မဟုတ်ပေ။ မူလရှိပြီးသား အစစ် ကို တုပထားလျှင် အတုဟု လွယ်လွယ်မှတ်နိုင်ကြ သည်။ ကုန်ပစ္စည်းကြော်ငြာများတွင် “အတုအပ သတိပြု”ဟူသော စာတန်းထိုးကြော်ငြာသည်များကိုလည်း တွေ့ရသည်။ ကုန်ပစ္စည်းတစ်ခု၊ ဆေးဝါး အမျိုးအမည်တစ်မျိုး  စသည့်မူလထုတ်လုပ်သည့် ပစ္စည်းအစစ် နာမည်ရလာလျှင်၊ ကောင်းသတင်းဖြင့် ကျော်စောလာလျှင်  ကိုယ်ပိုင်ဉာဏ်ဖြင့်  တီထွင်နိုင် ခြင်းမရှိသူများက တုပပြုလုပ်တတ်သည်။ 


မှတ်ပုံတင်ရုံးများသို့ သွားရောက်မှတ်ပုံတင်


အစားအသောက်၊  ဆေးဝါး    စသည်များကို    အစစ်နှင့် အရာရာအပြည့်အဝတူအောင်  မထုတ် လုပ်နိုင်က  ထိုအစားအသောက်အတု၊     ဆေးဝါး အတုကို   မှီဝဲမိသူများ  ဘေးထွက်ဆိုးကျိုးဒဏ်ကို ခံရနိုင်သည်။ အဆိပ်ဖြစ်သည်အထိ ဆိုးရွားသော အတုများသည် လူတို့၏အသက်ခန္ဓာကိုပင် ဆုံးရှုံး စေနိုင်သည်။   ကုန်ပစ္စည်းများကို    စတင်တီထွင် ထုတ်လုပ်ရောင်းချမည့်သူများက အစိုးရ (မူပိုင်ခွင့်) မှတ်ပုံတင်ရုံးများသို့  သွားရောက်မှတ်ပုံတင်ထား ကြရသည်။  ကုန်ပစ္စည်းအမည်၊ အမှတ်တံဆိပ် (Trade mark) မှအစ မှတ်ပုံတင်ကြရသည်။ 


စားသောက်ကုန်၊ လူသုံးကုန်၊ အိမ်သုံးကုန်များ မှအစ   အန္တရာယ်ရှိ၊    မရှိ    ဓာတုဗေဒနည်းဖြင့် စမ်းသပ်စစ်ဆေးပြီး ခွင့်ပြုသင့်ကခွင့်ပြု၊ ခွင့်မပြု သင့်က  ပယ်ချရန်  အစိုးရများက  ဌာနများဖွင့်ပေး ထားရသည်။ ထုတ်လုပ်ရောင်းချသော ပစ္စည်းများ ကို     မူလစတင်ထုတ်လုပ်ကတည်းက    အဆိုပါ ဌာနက  စစ်ဆေးခွင့်ပြုပြီးဖြစ်ကြောင်း    ခွင့်ပြု မှတ်ပုံတင်အမှတ်များပါရသည်။   သက်ဆိုင်ရာမှ အန္တရာယ်ကင်းရှင်းကြောင်း သက်သေခံလက်မှတ် ရရှိထားပြီးသည့် ကုန်ပစ္စည်းကိုပင် မူလအစစ်တွင် ပါဝင်သောပစ္စည်းအမျိုးအမည်၊ အလေးချိန်မတူဘဲ ဖြစ်ကတတ်ဆန်း  တုပရောင်းချခြင်းများ၊ အဆိုပါ ဌာနသို့    သွားရောက်စစ်ဆေးစိစစ်ခံခြင်းမပြုဘဲ ရပ်ထဲရွာထဲတွင် ဖြန့်ဖြူးရောင်းချသူများကလည်း များပြားလှသည်။ 


သက်ဆိုင်ရာက   ဈေးများ၊    ဆိုင်များသို့ သွားရောက်ကာ ဆိုင်တင်ရောင်းချနေသည့် မှတ်ပုံ တင် စိစစ်စစ်ဆေးခြင်းမပြုသောပစ္စည်းများ၊ မှတ်ပုံ တင်ပြီး အစစ်ကို တုပထုတ်လုပ်ရောင်းချသူများကို စစ်ဆေးဖော်ထုတ်      အရေးယူသောသတင်းများ မကြာခဏကြားနေရပေသည်။ ပစ္စည်းအတုကိုသာ မက  လူအတုများလည်း  ပေါ်လာခဲ့သည်။ ခေတ် အဆက်ဆက်သတင်းစာများကို ဖတ်ရှုမည်ဆိုပါက ဆရာဝန်တု   (ရမ်းကု)   ကို    ဖမ်းမိသောသတင်း၊ စစ်ဗိုလ်အတုကိုမိသောသတင်း၊    သင်္ကန်းအရေခြုံ ဘုန်းကြီးတုသတင်း၊ ရဲအတု၊ လူဝင်မှုအရာရှိအတု၊ သတင်းထောက်အတု၊  စစ်ဆေးရေးအရာရှိအတု၊ အကောက်ခွန်အရာရှိအတု၊        ပြည်တွင်းအခွန် ဝန်ထမ်းအတု၊ စည်ပင်သာယာဝန်ထမ်းအတု စသည့် လူအတုများ၏ သတင်းများကို တွေ့ရပေသည်။ 
ရွှေတုံးအတုများ
တရုတ်နိုင်ငံတွင် ရွှေတုံးအတုများ ပျံ့နှံ့နေ၍ မြန်မာနိုင်ငံတွင်လည်း   ဝယ်ယူသူများအနေဖြင့် ပုံမှန်မဟုတ်သည့် ရောင်းဝယ်မှုများကို သတိထား ကြရန် မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းချုပ် က သတိပေးထားသည်။ တရုတ်နိုင်ငံ၌ ကြေးနီတုံး ကို ရွှေအုပ်ထားသည့် ရွှေအတုများပေါင်နှံ၊ ရောင်းချ ခြင်းများဖြစ်ပေါ်နေသဖြင့် နယ်စပ်ကုန်သွယ်ရေး ဆောင်ရွက်နေပြီး  အိမ်နီးချင်းနိုင်ငံဖြစ်၍   မြန်မာ နိုင်ငံသို့   ရွှေတုံးအတုများ   ဝင်ရောက်လာနိုင်ခြင်း ကြောင့်    သတိပေးခြင်းဖြစ်သည်ဟု    မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးကျော်ဝင်းက ပြောသည်။ “မြန်မာနိုင်ငံကိုလည်း သက်ရောက်မှုရှိနိုင် တယ်၊     အိမ်နီးချင်းနိုင်ငံဖြစ်နေတယ်။   နယ်စပ် ကုန်သွယ်ရေးက ရှိနေတယ်။     ဂရုစိုက်ဖို့လိုအပ်တယ်။    သဘာဝမဟုတ်တဲ့၊   ဒီကထုတ်တဲ့ပုံစံနဲ့မတူတဲ့ပုံစံ ဝင်လာရင်     စစ်ဆေးဖို့လိုအပ်တယ်”     ဟု    ၎င်းက ပြောသည်။ 


မြန်မာထုတ်မဟုတ်ဘဲ        အင်္ဂလိပ်အက္ခရာ၊ အခြားတံဆိပ်များဖြင့်  ရောင်းချခြင်းနှင့်   နိုင်ငံခြားမှ ဝင်လာသည့်ပုံစံဖြစ်ပါက  စစ်ဆေးပြီးမှ ဝယ်ယူသင့် သည်ဟု ဦးကျော်ဝင်းကဆိုသည်။  စစ်ဆေးသည့်အခါ မြန်မာနိုင်ငံတွင်   အရည်အသွေးအပြင်    ရွှေတုံး၏ အလယ်ကိုဖြတ်၍ စစ်ဆေးရသည်ဟု ရန်ကုန်တိုင်း ဒေသကြီး        ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ         ဦးမျိုးမြင့်ကဆိုသည်။ မြန်မာနိုင်ငံတွင် ရွှေတုံးအတု များ မဝင်ရန်အတွက်လည်း ဝယ်ယူမှုကို စစ်ဆေးသင့် ပြီး     လက်ရှိတွင်     ရွှေတုံးအတုပြဿနာမရှိသေး ကြောင်း၊  ထိုင်းနိုင်ငံ   ဘန်ကောက်တွင်လည်း   ထိုသို့ ရွှေတုံးအတုရောင်းချမှုများ  မကြာမီကဖြစ်ပွားခဲ့သေး သည်ဟု ၎င်းကဆိုသည်။ 


အမျိုးအစားလေးမျိုးရှိ


အတုပြဿနာများသည်   ကမ္ဘာ့ကုန်သွယ်ရေး လောကတွင် နိုင်ငံတိုင်းရင်ဆိုင်နေရသော စိန်ခေါ်မှု ကြီးဖြစ်လာနေသဖြင့်   ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က လည်း   ကုန်ပစ္စည်းအတုအပများကို   ထိရောက်စွာ နှိမ်နင်းရန်   နည်းလမ်းရှာဖွေလျက်ရှိသည်။    ကုန် ပစ္စည်းအတုနှင့် ကုန်အမှတ်တံဆိပ်အတုပြဿနာများ မှာ  ပို၍ပင်ကြီးထွားလာသည်။   အကျိုးအမြတ်များစွာ ရရှိ၍   ရဲတင်းလာကြသည်။  အတုပြဿနာများကို ခြုံ၍ အကြမ်းဖျင်းခွဲခြားလျှင် အမျိုးအစားလေးမျိုးရှိ နေသည်ကို တွေ့ရှိရသည်။ ကုန်ပစ္စည်းအတု ပြုလုပ် ခြင်းနှင့် ရောင်းချခြင်း၊   ကုန်အမှတ်တံဆိပ်  ဆင်တူ ယိုးမှားသုံးစွဲခြင်း၊  ကုန်အမှတ်တံဆိပ်ကို    ယှဉ်ပြိုင် တင်သွင်းခြင်းနှင့် သုံးစွဲခြင်းတို့ဖြစ်သည်။ 


ကမ္ဘာ့နိုင်ငံများတွင်         အတုပြဿနာများကို နှိမ်နင်းရန်နှင့် ဥပဒေများရေးဆွဲရန် ဆောင်ရွက်နေဆဲ ဖြစ်သော်လည်း မြန်မာနိုင်ငံတွင်မူ အသင့်ပြဋ္ဌာန်းထား သောဥပဒေများ ရှိပြီးဖြစ်သည်။ အချို့သောဥပဒေ များသည် လွတ်လပ်ရေးမရခင်ကပင် ကြိုတင်ရေးဆွဲ ထားပြီးဖြစ်သည်ကို ထူးခြားစွာတွေ့ရှိရသည်။ အချို့ သောဥပဒေများသည် နိုင်ငံတကာသတ်မှတ်ချက်များ နှင့်အညီ  လိုအပ်၍  ကြိုတင်မြော်တွေးကာ   ရေးဆွဲ၍ ပြဋ္ဌာန်းကျင့်သုံးလျက်ရှိသည်။ ရာဇသတ်ကြီးဥပဒေ၊ အကောက်ခွန်ဥပဒေ၊   အမျိုးသားအစားအသောက် ဥပဒေ၊ ပိုးသတ်ဆေးဥပဒေ၊ အမျိုးသားဆေးဝါးဥပဒေ၊ ဗဟိုဘဏ်ဥပဒေ၊ စားသုံးသူကာကွယ်ရေးဥပဒေများ သည် ထင်ရှားသည်။ အခြားပြဋ္ဌာန်းထားသော ဥပဒေ များသည်လည်း အလားတူအသက်ဝင်၍ စားသုံးသူ များ  ဘေးဥပဒ်အန္တရာယ်ကင်းရှင်းရေး၊    စီးပွားရေး ကျင့်ဝတ်နှင့်အညီ ဆောင်ရွက်သောလုပ်ငန်းရှင်များ ကို ကာကွယ်ပေးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိ သည်။ အတုပြဿနာများကို ဥပဒေများအရ ဖြေရှင်း ရန်၊ နှိမ်နင်းရန်ဆောင်ရွက်လျက်ရှိသည်။ 


ပူးပေါင်းဖော်ထုတ်ကြဖို့လို


ကုန်ပစ္စည်းအတုများကို စားသုံးသူ ပြည်သူများ သုံးစွဲ၍ အသက်သေဆုံးခြင်း၊ အဆိပ်မိခြင်း၊ နာတာ ရှည်ရောဂါဖြစ်ပွားခြင်းများ  ကြုံတွေ့ခံစားနေရသည်။ လူသုံး၊  အိမ်သုံးပစ္စည်းများ ဈေးကွက်တွင်   နေရာ မရှိစေရေး   ပူးပေါင်းဆောင်ရွက်ရန်    လိုအပ်နေပြီ ဖြစ်သည်။ ဘယ်သူသေသေ ငတေမာလျှင်ပြီးရော၊ အကျိုးအမြတ်များများရလျှင်ပြီးရော သဘောမျိုးဖြင့် စီးပွားရေးကျင့်ဝတ်နှင့်အညီ    မဆောင်ရွက်သော ပစ္စည်းအတုရောင်းချသူများကို    ဥပဒေအရရော စားသုံးသူများကပါ လက်မခံဘဲ ကျူးလွန်သူများကို သက်ဆိုင်ရာဌာနများနှင့်   ပူးပေါင်းဖော်ထုတ်ကြဖို့ လိုသည်။ လူသုံး၊  အိမ်သုံးပစ္စည်းများကို အတုပြုလုပ် ရောင်းချသောသူများ  တဖြည်းဖြည်းကွယ်ပျောက် သွားမည်ဖြစ်သည်။ 


အလှကုန်ပစ္စည်းများတွင် ပြဒါး၊ ခဲ၊ စတီးရွိုက်၊ ခွင့်မပြုအသားဖြူဆေး၊   ခွင့်မပြုဆိုးဆေး   စသည့် ဓာတုပစ္စည်းများနှင့်   အန္တရာယ်ရှိပစ္စည်းများ    ပါဝင် နေပါက သုံးစွဲသူပြည်သူများတွင် ဓာတ်မတည့်ခြင်း၊ အရေပြား၊ ကျောက်ကပ်နှင့်   အသည်းတို့   ထိခိုက် ပျက်စီးခြင်းအပါအဝင်    ရေတိုနှင့်   ရေရှည်ကာလ ဆိုးကျိုးများ  ရရှိနိုင်သည်။    သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်းများစာရင်းတွင် အသားဖြူမျက်နှာ လိမ်းဆေး၊ မျက်နှာပေါင်းတင်ခရင်မ်နှင့် နှုတ်ခမ်း ဆိုးဆေးများပါဝင်ပြီး  ထိုင်းနိုင်ငံနှင့်   တရုတ်နိုင်ငံ ထုတ်အလှကုန်ပစ္စည်းများက အများစုဖြစ်သည်။ တချို့သော   အလှကုန်ပစ္စည်းများမှာ     တရားဝင် တင်သွင်းထားသည့်ပစ္စည်းများဖြစ်ပြီး သက်တမ်း ကုန်ဆုံးသော်လည်း  ပြန်လည်အသုံးမချနိုင်စေရန်   ဖျက်ဆီးခြင်းမပြုသဖြင့် မသမာသူတချို့၏လောဘ ကြောင့်   ဈေးကွက်အတွင်း   စီးဝင်လာကာ   အထူး လျှော့ဈေးဖြင့် ရောင်းချလေ့ရှိသည်။ 


ဘေးအန္တရာယ်ရှိသည့် အလှကုန်များ


ကျန်းမာရေးနှင့်   အားကစားဝန်ကြီးဌာန၏ ၂၀၁၉ ခုနှစ် ဧပြီလအထိ အချက်အလက်များအရ အလှကုန်ပစ္စည်း ၂၀၈၇၇ မျိုးအထိ မှတ်တမ်းတင် နိုင်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှစတင်၍ အလှကုန်ပစ္စည်းအမျိုး ၂၀၆၀ ကို ဓာတုဗေဒဆိုင်ရာ စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခဲ့ကြောင်း၊  ၎င်းတို့အနက်   ၁၁၆   မျိုးတွင် ပြဒါး၊ ခွင့်မပြုအသားဖြူဆေး၊ စတီးရွိုက်နှင့် ခွင့် မပြုဆိုးဆေးတို့ ပါဝင်သည်ကို စစ်ဆေးတွေ့ရှိသဖြင့် ဘေးအန္တရာယ်ရှိသည့် အလှကုန်များအဖြစ် အများ ပြည်သူထံ အသိပေးခြင်းများ ပြုလုပ်ခဲ့သည်။ 


သုံးစွဲရန်မသင့်သည့် အလှကုန်များကိုလည်း အများပြည်သူတို့သိရှိနိုင်ရန်    အခါအားလျော်စွာ ထုတ်ပြန်ကြေညာပေးလျက်ရှိသည်။           ထိုသို့ ထုတ်ပြန်ပေးမှုများအပေါ်   ကြိုဆိုရမည်ဖြစ်သော် လည်း ယင်းအလှကုန်များကြောင့် နစ်နာမှုရှိခဲ့သည့် သုံးစွဲသူများအတွက် မည်သူက တာဝန်ယူမည်နည်း၊ အလှကုန်ဈေးကွက်အတွင်းရှိ မည်သည့်ပစ္စည်းများ ကို ယုံယုံကြည်ကြည်ဖြင့် သုံးစွဲနိုင်မည်နည်းဟူသည့် မေးခွန်းများအတွက်မူ  လုံလောက်သည့်အဖြေမရှိ ဖြစ်နေသည်။ 
အတုပြုလုပ်ရောင်းချသူများသည် နာမည်ကြီး ကုန်အမှတ်တံဆိပ်များကိုသာ   ပစ်မှတ်ထားကြ သည်။ တန်ဖိုးကြီးမားသော ကုန်ပစ္စည်းများကိုသာ တုပဆောင်ရွက်ကြသည်။   ဈေးကွက်ရှာဖွေစရာ မလိုဘဲ အဆင်သင့်တုပရောင်းချကာ အကျိုးအမြတ် ကြီးမားစွာရရှိကြသည်။ ယင်းကြောင့် ငွေစက္ကူအတု များ၊ လူသုံး၊  အိမ်သုံးပစ္စည်းအတုများ၊   ဆင်တူ ယိုးမှားအတုများ     လှိုင်လှိုင်ပေါများနေကြခြင်း ဖြစ်သည်။ အတုဈေးကွက်ကြီး သက်တမ်းရှည် ကြာစွာ ရပ်တည်နေနိုင်ခြင်းသည်    ဈေးနှုန်းချိုသာ ခြင်း၊ နည်းပညာအဆင့်မြင့်မားလာခြင်း စားသုံးသူ များ၏ ဗဟုသုတအားနည်းခြင်း၊ တစ်ဦးချင်းဝင်ငွေ နည်းပါးခြင်း စသည့်အကြောင်းများကြောင့်လည်း ပါဝင်သည်။ 


လူသုံး၊ အိမ်သုံးပစ္စည်းနှင့်ပတ်သက်၍ အတု လား၊ အစစ်လား ခွဲခြားရန် လွန်စွာခက်ခဲလာသည်။ နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာမှုများကြောင့် အတုများသည် အစစ်လောက်နီးနီး ပြင်ပလက္ခဏာ များတွင်   အစစအရာရာ    တူညီလာခဲ့သည်။ ကုန်ပစ္စည်းအတုဖြစ်ကြောင်း   ထောက်ခံချက်ကို အစိုးရ၏ တရားဝင်အဖွဲ့အစည်းဖြစ်သည့် မှုခင်း တပ်ဖွဲ့ (CID) ထံကလည်းကောင်း၊ တရားဝင်ဖွဲ့စည်း ထားသည့်    ကုန်ပစ္စည်းစစ်ဆေးရေးအဖွဲ့အစည်း များ၊ ဌာနဆိုင်ရာများ၊ ကျွမ်းကျင်သူများ၊ ဓာတုဝန် ရုံးများ  စသည်တို့ကလည်းကောင်း   ဆောင်ရွက် လျက်ရှိသည်။                  

 


စားသုံးသူပြည်သူများကို စေတနာထားသော အားဖြင့်   ဘေးဥပဒ်အန္တရာယ်မရှိသော၊  ထုတ်ကုန် လုံခြုံစိတ်ချမှုရှိသော    မူရင်းပစ္စည်းများကိုသာ အရည်အသွေးပြည့်မီစွာ    ထုတ်လုပ်ရောင်းချကြ ပါရန်၊ စားသုံးသူပြည်သူများကို  အန္တရာယ်ဖြစ်စေ မည့် ကုန်ပစ္စည်းအတုများ ထုတ်လုပ်ရောင်းချခြင်း၊ ကုန်အမှတ်တံဆိပ်အတုများ ပြုလုပ်ရောင်းချခြင်း၊ ဆင်တူယိုးမှားသုံးစွဲခြင်း၊ ကုန်အမှတ်တံဆိပ်များ ယှဉ်ပြိုင်ဆောင်ရွက်ခြင်းများ    မပြုလုပ်ကြပါရန်၊ စားသုံးသူများ ကိုယ်၊ စိတ်၊ နှလုံးအေးချမ်းစွာဖြင့် ယုံကြည်စိတ်ချစွာ    သုံးစွဲနိုင်သည့်     စစ်မှန်သော နိုင်ငံတကာ     စံနှုန်းသတ်မှတ်ချက်များနှင့်အညီ ကိုက်ညီသော  ပစ္စည်းအစစ်များကိုသာ   တင်သွင်း တင်ပို့၊ ဖြန့်ဖြူးရောင်းချကြပါရန်၊ ကုန်ပစ္စည်းအတု ပြဿနာများကြောင့်   နစ်နာဆုံးရှုံးမှုများမဖြစ်ပေါ် စေရန် အားလုံးမှာတာဝန်ရှိသည်။ 


မြန်မာနိုင်ငံတွင် အန္တရာယ်ရှိ အလှကုန်ပစ္စည်း များပြုလုပ်သူ၊ တရားမဝင် အလှကုန်ပစ္စည်းများအား ရောင်းဝယ်ဖောက်ကားသူများအပေါ် အရေးယူနိုင် သည့် ပြည်သူ့ကျန်းမာရေးဆိုင်ရာဥပဒေနှင့် စားသုံး သူ အကာအကွယ်ပေးရေးဥပဒေများ ရှိပြီးသားဖြစ်ရာ တည်ဆဲဥပဒေများကို ထိရောက်စွာအကောင်အထည် ဖော်ရေးမှာ       အရေးကြီးသည့်အချက်ဖြစ်သည်။    သက်ဆိုင်ရာမှ   ဈေးကွက်အတွင်း     ထောက်လှမ်း စစ်ဆေးခြင်းများရှိသော်လည်း   လုံလောက်သည့် ဝန်ထမ်းအင်အားနှင့်  နည်းပညာပိုင်းဆိုင်ရာပစ္စည်း များ   မလုံလောက်မှုရှိနေသေးသဖြင့်   တရားမဝင် လမ်းကြောင်းမှတစ်ဆင့် ဈေးကွက်အတွင်း ဝင်ရောက် နေသောအလှကုန်ပစ္စည်းများ      ရှိနေဆဲဖြစ်သည်။         အလှကုန်ပစ္စည်းများကို        ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်ရန်လုပ်ငန်းများသည် FDA တစ်ခုတည်း ဖြင့်  မရနိုင်သဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပြည်သူလူထုကလည်း   ဝိုင်းဝန်းကူညီပံ့ပိုးခြင်း၊ အလှကုန်ပစ္စည်းအတုများ    ရောင်းဝယ်ဖောက်ကား သူများကို       ထိရောက်သည့်အရေးယူခြင်းတို့   လုပ်ဆောင်နိုင်မှသာ         အများပြည်သူတို့၏ ကျန်းမာရေးနှင့်       စားသုံးသူအခွင့်အရေးများကို အကာအကွယ်ပေးရာ        ရောက်မည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။    ။ 
 

မေယု-မျိုးအောင် (MANA)