
ဒေါက်တာမြတ်မိုး
========
မည်သူမျှတော့ မိမိခန္ဓာကိုယ်အနှံ့မှာ အဆီပိုတွေစုနေတာ၊ ကိုယ်အလေးချိန်တက်ပြီး တဖြည်းဖြည်းဝလာနေတာ၊ သွေးပေါင်ချိန်တက်၊ သွေးတိုးရောဂါဖြစ်ပြီး ရုတ်တရက် နာတာရှည်နှလုံးသွေးကြောပိတ်ရောဂါတို့၊ ဆီးချိုရောဂါတို့ ဖြစ်နေပြီဆိုတဲ့ အခြေအနေဆိုးတစ်ခုဆီကို ကြုံချင်တွေ့ချင်ကြမှာ မဟုတ်ပါဘူး။ ဘယ်လိုမှမဖြစ်ကောင်းတဲ့ ဒီလိုရောဂါတွေဟာ နေ့စဉ်မိမိတို့ သတိမမူမိဘဲ စားသောက်နေကြတဲ့၊ ကျန်းမာရေးနဲ့မညီညွတ်တဲ့ စားသုံးဆီ၊ ဆီကြော်အစားအစာတွေနဲ့ အတော်အတန်ပါဝင်ပတ်သက်နေပါတယ်။ ဒီအချက်ဟာ အရေးလည်းကြီး၊ ပြည်သူ့ကျန်းမာရေးအပေါ် သက်ရောက်မှုမှာလည်း အဓိကအခန်းကဏ္ဍက ပါဝင်နေပါတယ်။
“သတိမမူ ဂူမမြင်၊ သတိမူက မြူပါမြင်၏” ဆိုသလိုပါပဲ ။ နေ့စဉ်စားသောက်နေတဲ့ အစားအစာ မှာ အမြင်ကောင်းပြီး ခံတွင်းတွေ့ဖို့ကို ပိုပြီးဦးစား ပေးတတ်တဲ့ ကျွန်တော်တို့အတွက် ဆီသုံးစွဲမှုနဲ့ ဆက်စပ်နေတဲ့ ကျန်းမာရေးပြဿနာတွေကို သတိပြုဆင်ခြင်ပြီး ဂရုစိုက်နိုင်အောင် ကျန်းမာရေး ဆိုင်ရာ အဓိကအချက်အလက်အချို့ကို မျှဝေတင်ပြ လိုက်ရပါတယ်။
ဆီစားသုံးမှုများခြင်းနဲ့ဆက်စပ်နေတဲ့
ကျန်းမာရေးပြဿနာများ
မိမိခန္ဓာအတွင်းမှာ အဆီဓာတ်တွေများနေတဲ့ အခြေအနေကို အဝလွန်ခြင်းဆိုတဲ့ ရုပ်ပိုင်းသွင်ပြင် လက္ခဏာတစ်ခုအဖြစ်နဲ့ မြင်နိုင်မယ်၊ မြင်တတ်မယ် ဆိုရင် မိမိခန္ဓာကိုယ်ကြီး အလွန်အကျွံမဝမီ ကိုယ်အလေးချိန်တိုးနေပြီဆိုကတည်းက ကျန်းမာ ရေးအတွက် သတိထားရတော့မှာဖြစ်ပါတယ်။ ကိုယ်အလေးချိန် ပုံမှန်ထက်များနေခြင်းဟာ အခြားအကြောင်းရင်းတွေကြောင့် ဖြစ်နိုင်သေး ပေမယ့် အဝလွန်ခြင်းဆိုတဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက် မှုတွေအပြင် သွေးတိုး၊ နှလုံး၊ဆီးချိုနဲ့ လေဖြတ် ခြင်း စတဲ့ရောဂါတွေအထိ ဆိုးကျိုးသက်ရောက်နိုင် ခြေတွေကို မဖြစ်မနေထည့်သွင်းစဉ်းစားရတော့မှာ ဖြစ်ပါတယ်။
WHO မှတ်တမ်းတစ်ခုအရ အဝလွန်ခြင်းဆိုတဲ့ ကျန်းမာရေးပြဿနာဟာ ၁၉၇၅ ခုနှစ်မှ ၂၀၁၆ ခုနှစ်ကာလအတွင်း သုံးဆလောက်မြင့်တက်သွား တယ်လို့ဆိုပါတယ်။ ကိုယ်အလေးချိန်တက်ခြင်းနဲ့ ဝလာခြင်းရဲ့အကြောင်းတရားတွေအနက် ဆီစားသုံး မှုများခြင်းဟာ အဓိကအကြောင်းရင်းတစ်ခုဖြစ်နေ ပါတယ်။ ဆီအစားများလို့ ကိုယ်အလေးချိန် တက်ခြင်းနဲ့ အဝလွန်ပြဿနာရဲ့ နောက်ဆက်တွဲ နှလုံးသွေးကြောရောဂါတွေနဲ့ ဆီးချိုရောဂါတွေကို ရင်ဆိုင်ရနိုင်တဲ့အပြင် အရိုးအဆစ်ရောဂါတွေ၊ ကင်ဆာရောဂါတွေနဲ့ပါ ဆက်စပ်မှုရှိနေတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေလည်း မနည်းလှပါဘူး။
အထူးသဖြင့် ဆင်းရဲတဲ့နိုင်ငံတွေက ပြည်သူ တွေဟာ ဆီကောင်းဆီသန့်နားမကပ်နိုင်၊ ကျန်းမာ ရေးအသိကလည်းနည်း၊ အာဟာရဖြစ်အောင် ညီညွတ်မျှတစွာလည်း မသုံးစွဲတတ်တော့ ရောဂါ စုံကို အလိုလိုဖိတ်ခေါ်သလိုဖြစ်နေပါတယ်။ ရောဂါ ကြောင့် သေဆုံးမှုအမျိုးမျိုးမှာ သွေးတွင်းအဆီ ဓာတ်များပြီး နှလုံးသွေးကြောဆိုင်ရာရောဂါတွေ ကြောင့် သေဆုံးရမှုဟာ အမြင့်ဆုံးမှာရှိနေတဲ့အပြင် အလယ်အလတ်နဲ့ အနိမ့်ဆုံးဝင်ငွေနဲ့သာ ရုန်းကန် နေရတဲ့နိုင်ငံတွေက ပြည်သူတွေရဲ့သေဆုံးမှုဟာ အဆီဓာတ်များလို့ ဖြစ်ရတဲ့ပြဿနာတွေနဲ့ အများဆုံးဆက်စပ်နေကြောင်းလည်း သိရှိရပါ တယ်။
ပြန်ကြော်ဆီတွေရဲ့အန္တရာယ်နဲ့
ဆိုးကျိုးသက်ရောက်မှု
ဆီကိုချွေတာတဲ့အနေနဲ့ ထပ်ခါထပ်ခါအပူပေး ပြီး စားသုံးတတ်တဲ့အလေ့အထဟာ ကင်ဆာရောဂါ ဖြစ်နိုင်ခြေများတယ်လို့ ဆိုပါတယ်။ အချို့ စားသောက်ဆိုင်တွေ၊ လမ်းဘေးအကြော်ဆိုင်တွေ မှာ တချို့ဆီတွေကို ထပ်ခါထပ်ခါပြန်လည်အသုံးပြု တာတွေ ရှိတတ်တာကို သတိပြုမိဖို့လိုပါတယ်။ သုတေသနတစ်ခုရဲ့ရလဒ်အရ ပဲပိစပ်ဆီကို အပူ ပြင်းပြင်းနဲ့ ပြန်ကြော်ထားတဲ့ဆီကို စားမိတဲ့ကြွက် တွေမှာ ရင်သားကင်ဆာဖြစ်တဲ့ အထောက်အထား တွေ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ အဓိကတရားခံ ကတော့ free radical လို့ခေါ်တဲ့ ဓာတ်လွတ်မော်လီ ကျူးအစုအစည်းတွေကြောင့် ဖြစ်ရတာပါ။ ကင်ဆာ နဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါတွေကို ဖြစ်စေ လောက်အောင် လူတွေရဲ့မကောင်းတဲ့အလေ့အထ တစ်ခုက အစားအသောက်ကို ထပ်ခါထပ်ခါ ကြော်လှော်စားသောက်တတ်ကြခြင်းပဲဖြစ်ပါတယ်။
အရက်၊ ဆေးလိပ် ၊ ဓာတုအဆိပ်နဲ့ ထိတွေ့မိမှုက စလိုက်တဲ့ မကောင်းတဲ့အလေ့အထတွေကြောင့် ဖြစ်လာတဲ့ ခန္ဓာတွင်းဇီဝဖြစ်စဉ်တွေကတစ်ဆင့် လူကိုအကျိုးမပြုတဲ့ ဖရီးရေဒီကယ်လ်ဒြပ်မော်လီ ကျူးတွေ ပိုပြီးစုမိစေတဲ့ အခြားသောအကြောင်းတရား တွေမှာ ပြန်ကြော်ဆီလည်းပါဝင်ပါတယ်။ အဆီပိုတွေ များလွန်းတဲ့ အဝလွန်သူတွေရဲ့ နောက်ဆက်တွဲ ပြဿနာတစ်ခုဖြစ်တဲ့ တစ်သျှူးဆဲလ်တွေ ရောင်ရမ်း ခြင်းဆိုတဲ့ ဆိုးကျိုးတစ်ခုဟာလည်း ဖရီးရေဒီကယ်လ် တွေများလာခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ ဆဲလ်တွေ ရောင်ရမ်းသွားတဲ့အတွက် ခန္ဓာကိုယ်က ခုခံအားကို တာဝန်ယူရတဲ့ဆဲလ်တွေ ကောင်းကောင်းအလုပ် မလုပ်နိုင်တဲ့အခါ ခုခံအားကျဆင်းသွားပြီး ကူးစက် ရောဂါပိုးတွေ အလွယ်တကူဝင်ရောက်လာနိုင်ခြေ လည်း များလာပါတယ်။ အဆီများလို့ ကိုယ်အလေး ချိန်တက်ပြီး ဝနေသူတစ်ဦးအတွက် ဆီးချို၊ သွေးတိုးအစရှိတဲ့ နောက်ဆက်တွဲကျန်းမာရေး ပြဿနာတွေကို တစ်ချိန်မဟုတ်တစ်ချိန်မှာ ရင်ဆိုင်ရ ဖို့များတယ်ဆိုတာ အသိပေးလိုပါတယ်။
သတိပြုရမယ့် ပြည့်ဝဆီနဲ့ အသွင်ပြောင်းမပြည့်ဝဆီ
ထို့အပြင် ကျန်းမာရေးပညာပေးစာစောင်နဲ့ ဆောင်းပါးတွေမှာ ရင်းနှီးပြီးဖြစ်တဲ့ ပြည့်ဝဆီ (saturated fat)၊ မပြည့်ဝဆီ (unsaturated fat)နဲ့ အသွင်ပြောင်းဆီ (trans fat )စတဲ့ ဆီအမျိုးအစား တွေမှာ ဘယ်လိုဆီအမျိုးအစားက ဘယ်အုပ်စုမှာ ပါတယ်ဆိုတာ အနည်းငယ်သိထားသင့်ပါတယ်။ အဆီ များတဲ့အသားတွေမှာ များသောအားဖြင့် ပြည့်ဝဆီ ပါတတ်ပါတယ်။ ထောပတ်၊ နို့နဲ့နို့ထွက်ပစ္စည်းတွေ မှာလည်း ပါဝင်ပါတယ်။ ဝက်ဆီ၊ အမဲဆီ စတဲ့ တိရစ္ဆာန်အဆီဟာ ပြည့်ဝဆီအမျိုးအစားတွေပါပဲ။ ပြည့်ဝဆီများတဲ့အစားအစာတွေဟာ ကျန်းမာရေး ကို အထောက်အကူမပြုဘဲ ဆိုးကျိုးများတဲ့အတွက် လျှော့ချစားသုံးသင့်ကြောင်း အကြံပြုလိုပါတယ်။ ဒါပေမဲ့ ငါးကြီးဆီတစ်မျိုးကတော့ ခြွင်းချက်ပါ။ ငါးကြီးဆီမှာပါဝင်တဲ့ အိုမီဂါ ၃၊ ၆၊ ၉ အဆီအက်စစ် တွေဟာ သွေးစေးပျစ်မှုကို လျော့စေလို့ နှလုံးကျန်းမာ ရေးကို အထောက်အကူပြုပါတယ်။
ဟင်းသီးဟင်းရွက်ဆီဖြစ်တဲ့ မပြည့်ဝဆီအမျိုး အစားကတော့ ယေဘုယျအားဖြင့် လူကိုအကျိုးပြုပါ တယ်။ များသောအားဖြင့် အစေ့အသီးတွေဖြစ်တဲ့ မြေပဲ၊ နှမ်း၊ ပဲပိစပ်၊ သစ်ကြားသီး၊ ထောပတ်သီး၊ သံလွင်သီးကရတဲ့အဆီတွေပါပဲ။ လူကိုအကျိုးပြု တယ်ဆိုပေမယ့် အကြော်ခံဆီအဖြစ် တာရှည်အပူ ပေးပြီးမှ ပြန်လည်အသုံးပြုတာဆိုရင်တော့ အသွင် ပြောင်းဆီဖြစ်သွားပြီး ကျန်းမာရေးအပေါ် အကြီး အကျယ်ဆိုးကျိုးပေးတယ်ဆိုတဲ့အချက်ကို သတိ ထားရပါမယ်။ အများကြိုက်တဲ့ အကြော်ဆီနဲ့ ဆီကြော်အစားအစာတွေဟာ အသွင်ပြောင်းဆီနဲ့ ကြော်ထားတဲ့ အစားအစာတွေပဲဖြစ်တယ်ဆိုတဲ့ အချက်ဟာ အထူးဂရုပြုရမယ့်အချက် ဖြစ်ပါတယ်။
အကျိုးမပြု LDL နှင့် နှလုံးသွေးကြောပိတ်အန္တရာယ်
အစားအသောက်မှာပါဝင်တဲ့ ဆီတိုင်းကိုတော့ ဆီဆိုးစာရင်းထဲ ထည့်မထားပါဘူး။ အချို့ အမျိုး အစားတွေက ကိုလက်စထရောကိုတောင် ကျဆင်း စေပြီး ခန္ဓာကိုယ်ကလိုအပ်နေတဲ့ စွမ်းအင်အတွက်၊ အနွေးဓာတ်အတွက်၊ ဆဲလ်တွေတည်ဆောက်ဖို့၊ ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ကာကွယ်ဖို့၊ မိမိစားလိုက်တဲ့အစာထဲက ဗီတာမင်တွေကိုပြန်လည် စုပ်ယူနိုင်ဖို့နဲ့ ခန္ဓာကိုယ်ကိုအကျိုးပြုတဲ့ ဟော်မုန်း ထုတ်လုပ်မှုတွေမှာ များစွာအကျိုးပြုတဲ့အတွက် ချင့်ချိန်အသုံးပြုတတ်ဖို့ လိုပါတယ်။ မပြည့်ဝဆီလို့ ခေါ်တဲ့ ဆီအမျိုးအစားကတော့ ကျန်းမာရေးကို အကျိုးပြုတဲ့ ဆီကောင်းတစ်မျိုးဖြစ်ပြီး လူကို အကျိုးမပြုဘဲ ကျန်းမာရေးအတွက် အန္တရာယ်ရှိတဲ့ ဆီအမျိုးအစားကတော့ ပြည့်ဝဆီပဲဖြစ်ပါတယ်။
ပြည့်ဝဆီအမျိုးအစားဟာ လူကိုအကျိုးမပြုတဲ့ သွေးတွင်း LDL Cholesterol လို့ခေါ်တဲ့ အဆီဓာတ် တစ်မျိုးကို မြင့်မားစေပြီး နှလုံးနဲ့ အခြားခန္ဓာအစိတ် အပိုင်းတွေရှိ သွေးကြောတွေကိုလည်း ပိတ်ဆို့စေ လို့ နှလုံးသွေးကြောပိတ်ရောဂါနဲ့ လေဖြတ်နိုင်ခြေ အန္တရာယ်ကို အလွန်များစေပါတယ်။ ခန္ဓာကိုယ်ကို အကျိုးမပြုတဲ့ အဆီဓာတ်တွေ များလာတဲ့အခါ သွေးတိုးရောဂါဖြစ်စေတဲ့ ACEnzyme အင်ဇိုင်း တစ်မျိုးကို မြင့်တက်စေတဲ့ ဇီဝဖြစ်စဉ်မှတစ်ဆင့် သွေးလွှတ်ကြောနံရံတွေမှာ အဆီတွေခဲ မာကြော လာပြီး မိမိကိုယ်မိမိ နေ့စဉ်သွေးဖိအားတိုင်း ကိရိယာနဲ့ အဖော်ပြုရတဲ့ လူမမာအဖြစ်ကို ရောက်ရှိသွားပါတော့တယ်။
ဒါ့အပြင် တစ်ခါတစ်ရံ ဆီပူကြီးထဲမှာနှစ်ပြီး ကြော်ထားတဲ့၊ ပြန်ကြော်ဆီနဲ့ ကြော်ထားတဲ့ အစား အစာတွေ၊ အသင့်စားမုန့်တွေ စားပြီးတိုင်း လည်ချောင်းတစ်ဝိုက်၊ ရင်ခေါင်းတစ်လျှောက် ရင်ပူ ပြီး ဗိုက်အောင့်တာ ခံစားဖူးကောင်းခံစားဖူးပါလိမ့် မယ်။ အစာအိမ်မှာ အက်စစ်ဓာတ်အထွက်များတဲ့လက္ခဏာတစ်ခု ဖြစ်ပါတယ်။ မိမိမှာ ဗိုက်နာ ဗိုက်အောင့်ဖြစ်ရတဲ့ နာတာရှည်အစာအိမ်နာဖြစ်ရ ခြင်းအကြောင်းရင်းတွေမှာ မသန့်တဲ့ဆီကြော်မုန့် တွေကြောင့်ဖြစ်ရတဲ့ အကျိုးဆက်တစ်ခုလည်း ပါဝင်ပါလားဆိုတာ သိရှိထားသင့်ပါတယ်။ ဘယ်လိုဆီအမျိုးအစားဖြစ်ဖြစ်
လျှော့သုံးတာအကောင်းဆုံးပါ မပြည့်ဝ၊ ပြည့်ဝ၊ အသွင်ပြောင်းဆီ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ၊ ဆီသုံးစွဲမှုကို လျှော့ချသုံးစွဲခြင်းသည်သာ အကောင်းဆုံးပါ။ ဆီကိုရွှဲနေအောင် စားတတ်တဲ့ အကျင့်၊ ဆီပြန်ဟင်းမှ ကြိုက်တတ်တဲ့အကျင့်ကို မေ့ထားလိုက်စေချင်ပါတယ်။ ဟင်းသီးဟင်းရွက်ဆီ၊ အစေ့အနှံကထုတ်တဲ့ဆီ စတာတောင်မှ စိတ်ချရတဲ့ အခြေအနေမှာ မရှိပါဘူး။ ဒီလိုဆီတွေမှာ ဓာတု ပစ္စည်းတွေ ရောစပ်အသုံးပြုလာကြတဲ့အတွက် ကျန်းမာရေးကို ဆိုးကျိုးဖြစ်စေတဲ့ ပြင်ပဓာတု ပစ္စည်းတစ်ခုခု အကူအညီမပါဘဲ သဘာဝအတိုင်း ထုတ်လုပ်ထားတဲ့ ဆီအမျိုးအစားဟာ ယနေ့ခေတ် မှာရှားသွားပါပြီ။
အနံ့အသက်ကင်းကင်းနဲ့ အမြင်ကောင်းစေဖို့ သန့်ရှင်းစင်ကြယ်ဖို့ဆိုပြီး ဆီမှာရောစပ်အသုံးပြု လိုက်တဲ့ ဓာတုပစ္စည်းတွေဟာ မိမိခန္ဓာအသွေးထဲ အသားထဲ သွယ်ဝိုက်ရောက်ရှိသွားပြီး ကျန်းမာရေး ကို အလွန်အန္တရာယ်ပေးနိုင်တယ်ဆိုတဲ့အချက်ကို သိရှိပြီး အထူးသတိထားဖို့ လိုပါတယ်။
ဒါ့အပြင် ဟင်းသီးဟင်းရွက်ဆိုတာ ပိုးသတ် ဆေးအသုံးပြုထားမှု၊ ဇီဝဆိုင်ရာ ပြုပြင်ပြောင်းလဲ ထားမှု စတာတွေကြောင့် အသုံးပြုဖို့အတွက် ဘေးကင်းစိတ်ချရတဲ့ အာမခံချက်ရဖို့ဆိုတာ မလွယ်ပြန်ပါဘူး။ ဓာတုပစ္စည်းရောထားတဲ့ဆီကို သုံးမိတာကြောင့် သက်ရှိဆဲလ်တွေ မူမမှန် ဖောက်ပြန်ပြီး ကင်ဆာရောဂါ၊ အထူးသဖြင့် အူမ ကြီးကင်ဆာ၊ ဆီးကျိတ်ကင်ဆာတွေဖြစ်နိုင်တဲ့အပြင် အာရုံကြောပျက်စီးဖောက်ပြန်တဲ့ရောဂါနဲ့ အယ်လ် ဇိုင်းမားသူငယ်ပြန်ရောဂါ၊ သွေးကြောအဆီပိတ် ရောဂါတွေ ဖြစ်လာနေတယ်လို့ ဆိုကြပါတယ်။ ဒါကြောင့် ဆီအသုံးလျှော့ပြီး ဆီကြော်၊ ဆီပြန်၊ ဆီရွှဲရွှဲနဲ့ ဆီမြုပ်တဲ့ဟင်းလျာတွေကို လျှော့ချစားသုံး ပါလို့သာ အလေးအနက်အကြုံပြုလိုက်ပါရစေ။
ထပ်တလဲလဲကြော်ထားတဲ့ဆီကို ရှောင်တဲ့အနေ နဲ့ မိမိစိတ်ကြိုက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဆီအမျိုးအစားကိုသာ ရွေးချယ်ပြီးမှ သန့်ရှင်း လတ်ဆတ်တဲ့အစားအစာကို ကိုယ့်အိမ်မှာကိုယ် ချက်ပြုတ်စားသောက်ခြင်းဟာ အကောင်းဆုံးပါပဲ။ ဟင်းချက်ကြော်လှော်ရာမှာလည်း အစာနဲ့ဆီအမျိုး အစားကို အနည်းဆုံးပမာဏနဲ့ တွက်ချက်ခြင်တွယ် အသုံးပြုတတ်တဲ့အလေ့အထဟာ အလေအလွင့်ဖြစ်မှု ကို လျော့ပါးစေပြီး ခန္ဓာကိုယ်ဝိတ်မတက်အောင် လည်း ကာကွယ်ပေးတယ်ဆိုတာ သတိပြုလိုက်နာ စေချင်ပါတယ်။ အစာကို အပြင်မှာစားတတ်တဲ့ အလေ့အထကို နည်းနိုင်သမျှနည်းအောင်လုပ်ဖို့နဲ့ အပြင်ထွက်ရပြီး ပြင်ပမှာသာစားဖို့ရှိလာရင်လည်း မိမိအိမ်ကပဲ မဖြစ်မနေကြော်လှော်ချက်ပြုတ် ယူဆောင်စားသောက်တဲ့ အလေ့အကျင့်ရှိထားဖို့ လိုပါလိမ့်မယ်။ အပြင်အစားအစာမှာ သုံးထားတဲ့ဆီ ဟာ များသောအားဖြင့် မသန့်ရှင်းတဲ့ ဆီအမျိုးအစားနဲ့ ထပ်ခါပြန်အသုံးပြုထားတဲ့ဆီပဲ ဖြစ်နိုင်ခြေများလို့ ဖြစ်ပါတယ်။
အဓိကအချက်က ဆီကြောင့် ရောဂါမရစေဖို့ ဖြစ်ပြီး ကျန်းမာရေးနဲ့အာဟာရမျှတဖို့အတွက် ဆိုးကျိုးဖြစ်နိုင်မှုနဲ့ ကောင်းကျိုးဖြစ်နိုင်မှုကို ချိန်ဆ သုံးစွဲစေလိုခြင်းသာဖြစ်ပါတယ်။ အခုနောက်ပိုင်း တော့ ဘယ်လိုဓာတုပစ္စည်းမျိုးမှ မပါနိုင်တဲ့ ဆုံဆီ သန့်သန့်ဆိုတာမျိုးကို ရွေးချယ်အသုံးပြုဖြစ်နေကြ ပါပြီ။ သို့သော် ဘယ်လိုဆီအမျိုးအစားကိုပဲသုံးသုံး တတ်နိုင်သမျှ ဆီအသုံးကိုသာ လျှော့သုံးကြပါ ဟူ၍... ကြိုတင်ကာကွယ်နိုင်ပြီး ဆောင်ရန် ရှောင်ရန်တွေကို အထူးအလေးထားအကြံပြုလျက် ... “အာရောဂျံ ပရမံလာဘံ” သာ ဖြစ်ကြပါစေ ကြောင်း။ ။
- Log in to post comments