ဆီလွန်ကဲစွာစားသုံးမှုနှင့် ကျန်းမာရေးပြဿနာ

Type
1

 

မေယု-မျိုးအောင် (MANA)

ဘေးကင်းလုံခြုံမှုမရှိသောစားဆီများကို သုံးစွဲခြင်းကြောင့် ကျန်းမာရေးအပေါ် ဆိုးကျိုးသက်ရောက်မှုမှာ ကြီးမားလျက်ရှိသည်။   ဆီစားသုံးမှုနှင့် ဆက်နွှယ်နေသော ကျန်းမာရေးပြဿနာများကို လေ့လာပါက အခြေခံအချက်နှစ်ချက်ကို    တွေ့ရမည်ဖြစ်သည်။ ပထမအချက်မှာ  “ကျန်းမာရေးနှင့်  မသင့်လျော်သည့်ဆီများကို စားသုံးမိခြင်း” ဖြစ်ပြီး   ဒုတိယအချက်မှာ   “သုံးစွဲသင့်သည်ထက် ပိုမို စားသုံးမိနေခြင်း” ဖြစ်သည်။ မြန်မာဟင်းအများစုတွင်လည်း ဆီပြန်ဟင်းများက  ဟင်းကောင်းအဖြစ်  နေရာယူထားသည်။     ဆီနည်းသည်ဆိုလျှင် “ဟင်းက  ဆီတောင်မပါဘူး”  ဟု  ဆိုတတ်ကြပြန်သည်။  မြန်မာ့စားစရာဟင်းလျာများတွင်   ဆီက မပါမဖြစ်ဆိုသလိုပါနေပြီး လိုသည်ထက်ပင် ပိုစားဖြစ်နေကြသည်။ 

 


အစားအစာသည်       ဘဝတစ်ခုရှင်သန်ရန် အတွက်  အရေးကြီးသောကဏ္ဍတစ်ရပ်မှ  ပါဝင် နေပါသည်။ လူသားတို့  အသက်ရှင်နေထိုင်နိုင်ရေး၊ လူ့ဘဝတိုးတက်ဖွံ့ဖြိုးရေး၊    လူနေမှုပတ်ဝန်းကျင်  သာယာလှပစိုပြည်ရေးတို့အတွက်  အစားအစာကို  မရှိမဖြစ် အမှီသဟဲပြုကြရသည်။ လူတို့ အသက်ရှင် နေထိုင်မှုနှင့်       နေ့စဉ်လှုပ်ရှားသွားလာမှုတို့ကို တာဝန်ထမ်းဆောင်နေရသော   ခန္ဓာကိုယ်အတွက်  မရှိမဖြစ်လိုအပ်သောစွမ်းအင်ကို   အစားအစာမှ  ရရှိသည်။ လူဦးရေတိုးပွားလာနေသည့်ကမ္ဘာကြီး တွင်    ကလေးမွေးဖွားနှုန်း    မြင့်မားနေသကဲ့သို့ သေဆုံးမှုနှုန်းမှာလည်း          မြင့်မားနေသည်။          သေဆုံးမှုများထဲတွင် ဘေးကင်းလုံခြုံမှုမရှိသော       အစားအသောက်များမှ   ရရှိဖြစ်ပွားသည့်ရောဂါ များကြောင့်  သေဆုံးရခြင်းသည်လည်း    အဓိက အကြောင်းအချက်တစ်ခုဖြစ်သည်။ 

 


မြန်မာနိုင်ငံတွင်          အစားအသောက်နှင့် ပတ်သက်၍    ၁၉၇၂    ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ     ပြည်သူ့ကျန်းမာရေးဆိုင်ရာဥပဒေ၊   အမျိုးသား  အစားအသောက်ဥပဒေ (၁၉၉၇)၊ အမျိုးသားအစား အသောက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၁၃)နှင့် စားသုံးသူကာကွယ်ရေးဥပဒေ  (၂၀၁၉)  တို့ကို ပြဋ္ဌာန်းထားကြောင်းလည်း သိရှိရသည်။ 

 


ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆီ  စားသုံးနိုင်ရေး


ကုန်ထုတ်လုပ်မှု  တိုးတက်ရေး၊   တောင်သူ လယ်သမားများ၏ဝင်ငွေ တိုးတက်ရေး၊    စားနပ် ရိက္ခာဖူလုံ၍  အာဟာရပြည့်ဝစေပြီး  ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရေးတို့မှတစ်ဆင့်    နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန်   နိုင်ငံတော်က    ရည်မှန်း ချက်များ ချမှတ်ဆောင်ရွက်လျက်ရှိသည်။ ဆီထွက် သီးနှံစိုက်ပျိုးထုတ်လုပ်ရေးနှင့်  စားဆီထုတ်လုပ် ရေးလုပ်ငန်းကို     အားပေး မြှင့်တင်ဆောင်ရွက်လျက် ရှိသော်လည်း တိုးတက်သင့်သလောက်   တိုးတက် နိုင်ခြင်းမရှိသည်ကို  တွေ့ရသည်။   စိုက်ပျိုးရေး ဦးစီးဌာနကလည်း ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆီ  စားသုံးနိုင်ရေးနှင့်   ပြည်တွင်းဆီထွက် သီးနှံဖူလုံရေး  အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပေး ပြီး သက်ဆိုင်ရာပညာရှင်များက  ဆွေးနွေးပေး ကာ ရလဒ်ဖော်ထုတ်ပေးရန် ပြောကြားသည်။ စိုက်ပျိုး ရေးနှင့်    ကုန်သွယ်ရေးကဏ္ဍအပြင်    စားသုံးသူ ကာကွယ်ရေးကဏ္ဍမှလည်း    ဥပဒေဖြင့်    အကာ အကွယ်ပေးရေး  ဆောင်ရွက်လျက်ရှိသည်။ 

 


မြန်မာနိုင်ငံ၏စားသုံးမှုပုံစံဓလေ့အရ ဆီစား သုံးမှုမှာ ပိုမိုများပြားနေကြောင်းသိရပြီး   နိုင်ငံခြား ငွေများစွာအသုံးပြုတင်သွင်းရသဖြင့်     သွင်းကုန်  အစားထိုးထုတ်လုပ်နိုင်ရန်    လိုအပ်လျက်ရှိသည် ကို   တွေ့ရသည်။    စားသုံးဆီများတွင်    ပြည့်ဝဆီ နည်းခြင်းက ကျန်းမာရေးအတွက်  ပိုမိုကောင်းမွန် ရာ ဆီများကို   ဓာတ်ခွဲစစ်ဆေးထုတ်ပြန်ချက်အရ နှမ်းဆီ၊  နေကြာဆီ၊   ပန်းနှမ်းဆီ၊   ပဲပုပ်ဆီများက  ပြည့်ဝဆီအနည်းဆုံးဖြစ်ပြီး စားအုန်းဆီက ပြည့်ဝ ဆီများသည်ကို တွေ့ရသည်။ သတ်မှတ်အရည်အသွေး ဖြင့် ပြည်ပမှတင်သွင်းခွင့်ပြုထားခြင်းဖြစ်၍ စားသုံး ရန်မသင့်သည့် ဆီမဟုတ်ဘဲ ကျန်းမာရေးမထိခိုက် စေသော    သန့်ရှင်းသောဆီဖြစ်စေရေးအတွက် သိုလှောင်      သယ်ယူထုပ်ပိုးသည့်နေရာများ၊ လက်လီရောင်းချသည့်နေရာများ  အဆင့်ဆင့်တွင် သန့်ရှင်းမှုရှိအောင် ဆောင်ရွက်ရန်လိုအပ်သည်။  

 


သို့ရာတွင် စားအုန်းဆီကို မြေပဲ၊ နှမ်းဓာတုအနံ့ များထည့်သွင်းကာ မြေပဲဆီ၊ နှမ်းဆီအဖြစ် လိမ်လည် ရောင်းချခြင်း၊ ကျန်းမာရေးအတွက် အန္တရာယ်ရှိသည့် မသန့်စင်ရသေးသည့် ဝါစေ့ဆီအနီရောင်ကို အရောင် လှအောင်ရောစပ်၍  နှမ်းဆီအဖြစ် ရောင်းချခြင်း၊ ရောဆီ၊ စပ်ဆီဟုဆိုကာ မြေပဲဆီနှင့် စားအုန်းဆီများ ကို   ရောနှောထားပြီး   ပါဝင်ပစ္စည်းဖော်ပြရာတွင် ဆီအမျိုးအစားနှင့် ရာခိုင်နှုန်းကို  မှန်ကန်စွာဖော်ပြမှု မရှိဘဲ  မြေပဲဆီပါဝင်မှုရာခိုင်နှုန်းကို  ပိုမိုဖော်ပြပြီး ဈေးနှုန်းတိုးမြှင့်ရောင်းချခြင်း၊ ဆီသန့်အသစ် သုံးရ မည့်အစား ပြန်ကြော်ဆီများကို ပြန်လည်သုံးစွဲခြင်း စသည့်နည်းကို အသုံးပြုလျက်ရှိသည်။

 


မြန်မာနိုင်ငံတွင်   စိုက်ပျိုးထွက်ရှိသည့်   ဆီထွက် သီးနှံအားလုံးကို စားဆီအဖြစ် ကြိတ်ခွဲထုတ်လုပ်မည် ဆိုလျှင်ဖြင့် ဆီဖူလုံမှုရှိမည်ဖြစ်သော်လည်း မြေပဲနှင့် နှမ်းသည်   ပြည်ပဝယ်လိုအားများ   ပြည်ပပို့ကုန် ဖြစ်ခြင်းကြောင့် ပြည်တွင်းဆီလိုအပ်ချက်အတွက် စားအုန်းဆီကို တင်သွင်းဖြည့်ဆည်းရလျက်ရှိသည်။ ဆီထွက်သီးနှံများဖြစ်သည့်   မြေပဲ၊   နှမ်း၊   နေကြာ၊ ပန်းနှမ်း၊ မုန်ညင်း၊ ပဲပုပ်တို့သည် ဒေသမရွေး စိုက်ပျိုး နိုင်မှုမရှိခြင်း၊ နှမ်းနှင့်  မြေပဲသည် ပြည်ပဝယ်လိုအား အပြင် မုန့်လုပ်ငန်းအသုံးပြုမှုများလည်း ရှိခြင်းတို့ ကြောင့် တစ်နှစ်ထက်တစ်နှစ် ဈေးနှုန်းမြင့်တက်လျက် ရှိသည်။ 

 


စားအုန်းဆီ (သို့) ရောနှောဆီများကို ဝယ်ယူစားသုံးနေကြ


ဈေးအမြင့်ကို   စားသုံးသူအများစုက    ဝယ်ယူ စားသုံးနိုင်ခြင်းမရှိတော့ဘဲ  လေးပုံတစ်ပုံခန့်   ဈေး သက်သာသည့် စားအုန်းဆီ (သို့) ရောနှောဆီများကို ဝယ်ယူစားသုံးနေကြရသောအခါ ပြည်တွင်းဆီစက် လုပ်ငန်းများသည်  လည်ပတ်နိုင်မှုအားလျော့သွား သည့်အခြေအနေကို ကြုံတွေ့ရလျက်ရှိသည်။ အချို့ ဆီစက်များအနေဖြင့် ဆီထွက်သီးနှံများကို ကိုယ်တိုင် ဝယ်ယူကြိတ်ခွဲ၍ မိမိစက်ရုံတံဆိပ်ဖြင့်  ဆီထုတ်လုပ် ရောင်းချနိုင်သည့် အခြေအနေမှ နဝလီကြိတ်ပေးခြင်း များသာ ဆောင်ရွက်နေသည့် ဆီစက်များအဖြစ်သာ လည်ပတ်နေသည်ကို တွေ့ရသည်။ 

 


စားသုံးသူပြည်သူအများစုမှာ  ကျန်းမာရေးအသိ ဗဟုသုတ မရှိသောကြောင့်လည်းကောင်း၊ သိသော် လည်း ဝင်ငွေအဆင့်နိမ့်ကျသဖြင့် လုံခြုံစိတ်ချရသော စားသုံးဆီကို မစားသုံးနိုင် သောကြောင့်လည်းကောင်း၊ ရေရှည်ကောင်းကျိုးကို ကြည့်ရမည့်အစား အမြင်၊ အနံ့၊ အရသာဖြင့် ရွေးချယ်ဝယ်ယူတတ်သော ဓလေ့ စရိုက်များကြောင့်လည်းကောင်း ထုတ်လုပ်သူများက မမှန်မကန်ထုတ်လုပ်လျက်ရှိသည့် စားသုံးဆီများကို အားပေးနေသည့် ဈေးကွက်ရှိနေသေးခြင်းဖြစ်သည် ကိုတွေ့ရသည်။ 

 


မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီတို့အတွက် မြန်မာ့စံချိန်စံညွှန်းသတ်မှတ်ခြင်းများ       ဆောင်ရွက်ရေး၊ စားသုံးသူကာကွယ်ရေးဥပဒေ၊    အမျိုးသားအစား အသောက်ဥပဒေများပါ တားမြစ်ချက်များကို ဖောက် ဖျက်ကျူးလွန်လျှင် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး မျှော်လင့်လျက်ရှိကြောင်း၊ သို့မှသာ မမှန်မကန်လုပ်သူများကို ဈေးနှုန်းယှဉ်ပြိုင်မရောင်း ချနိုင်သဖြင့်   အခက်အခဲဖြစ်နေသည့်    မှန်ကန်၍ အန္တရာယ်ကင်းအောင် ထုတ်လုပ်ပေးလျက်ရှိသော လုပ်ငန်းများကို    အားပေးမြှင့်တင်ရာရောက်မည် ဖြစ်ကြောင်း ဆီစက်လုပ်ငန်းရှင်တစ်ဦးက အကြံပြု ပြောကြားသည်။ 

 


စားသုံးသူရေးရာဦးစီးဌာနမှ    သက်ဆိုင်ရာဌာန ဆိုင်ရာများနှင့် ပူးပေါင်းအဖွဲ့များသည် ဆီစက်များ၊ ဆီဆိုင်များကို ကွင်းဆင်းစစ်ဆေးပြီး ဆီစက်မရှိဘဲ တံဆိပ်ကပ်ရောင်းချနေသောဆီများ၊ လိုအပ်သည့် အထောက်အထားမပါရှိသော ဆီများကို စစ်ဆေးရန် ဓာတ်ခွဲခန်းသို့ပို့၍ စားသုံးရန်မသင့်အဖြေထွက်ပါက တားမြစ်သိမ်းဆည်းဖျက်ဆီးခြင်းများ  ဆောင်ရွက် ခဲ့သည်ကို ကြားသိရသည်။   ရေသန့်များကို    FDA  ထောက်ခံချက်လက်မှတ်ရရှိမှသာ  ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခွင့်ရှိသည်ဟု ကန့်သတ်ချက်ရှိသော်လည်း စားဆီများတွင်  မရှိသေးသဖြင့်  အချို့စားဆီများက FDA ထောက်ခံချက်ရရှိရေး   ဆောင်ရွက်သော်လည်း အချို့ကဆောင်ရွက်ခြင်းမပြုသည်ကို တွေ့ရသည်။ ဈေးများအတွင်းတွင်          ဆီများကိုခွက်ခြင်ဖြင့်  ရောင်းချသူများသည်လည်း       မိမိရောင်းချသော ဆီများဖြစ်သည့်   စားအုန်းဆီ၊    မြေပဲဆီများကို မည်သည့်ဆီစက်၊ မည်သည့်လက်ကားဆိုင်များက ဝယ်ယူသည်ဆိုသည့်  ပြေစာမှတ်တမ်း   ထားရှိရန်၊ ရောနှောဆီကို     စားသုံးသူတောင်းဆိုချက်အရ              ကျေနပ်မှ   မှန်ကန်သောအချိုးအစားဖြင့်  ရောနှော ပေးရန်၊ ကုန်အညွှန်းအမှတ်အသားတွင် ပါဝင်ရမည့် အချက်များ ပြည့်စုံစွာ ဖော်ပြပါရှိရမည်ဖြစ်ကြောင်း     စားသုံးသူရေးရာဦးစီးဌာနက    အသိပေးလျက် ရှိကြောင်း သိရသည်။ 

 


ပြည့်ဝဆီများကို လျှော့စားသုံးသင့်


စားအုန်းဆီတွင်    ပြည့်ဝဆီရာခိုင်နှုန်းများ ပါသောကြောင့် ပြည့်ဝဆီများကို လျှော့စားသုံးသင့် သည်။ ပြည့်ဝဆီကိုသာမက မပြည့်ဝဆီကိုလည်း လျှော့စားသုံးသင့်သည်။    မှန်ကန်မှုမရှိသော စားသုံးဆီများကြောင့် ကမ္ဘာတစ်ဝန်းတွင် နှလုံး သွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါ၊ အဝလွန် ရောဂါ၊ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာရောဂါ၊ လေဖြတ်ခြင်း စသည့်ကျန်းမာရေးပြဿနာများကို ရင်ဆိုင်နေကြရသည်။       ပြည့်ဝဆီဆိုရာတွင် တိရစ္ဆာန်များမှ ထွက်သောအဆီများ ပါဝင်သည်ကို လည်း သတိချပ်စေလိုသည်။ အကြောင်းမှာ အချို့ တောရွာများတွင်  အလှူအတန်းတစ်ခုခုပြီးသည့် အခါ ဥပမာ-ဝက်သားချက်ရာမှ ထွက်လာသော (ဝက်ဆီ)နှင့် အမဲဆီကဲ့သို့ တိရစ္ဆာန်တို့၏အဆီများ ကို သိုလှောင်ကာ ရောင်းချသည့်ဓလေ့များရှိနေ တတ်ခြင်းကြောင့် ဖြစ်သည်။ 

 


အကယ်၍ ဆီကို  မီးခိုးငွေ့ထွက်သည်အထိ အပူချိန်မြင့်မားစွာထားမည်ဆိုလျှင် ဆီ၏ဓာတု ပြောင်းလဲမှုဆင့်ကဲဖြစ်စဉ်ကို   တားဆီးလျှော့ချ ထားစေရုံသာမက     မြေပဲဆီ၏ပင်ကိုသဘာဝ မွှေးပျံ့သောအရသာကို    ယိုယွင်းသွားစေမည် ဖြစ်သည်။ စားသုံးဆီများတွင် Smoke Point ဟူ၍ ရှိသည်။Smoke Point ဆိုသည်မှာ ဆီ၏ မီးအပူချိန် ကို ခံနိုင်သောပမာဏထက် လွန်ကဲသွားလျှင်   ဆီမှ အန္တရာယ်ရှိသော Free Radiacals များ ထွက်လာ နိုင်သည်။ သို့ဖြစ်ပါ၍  မီးပြင်းပြင်းနှင့် ကြော်ရမည့် အချိန်တွင် Smoke Point  မြင့်မားသော ဆီအမျိုး အစားကိုသာ   သုံးသင့်သည်။   ဆီများတွင်လည်း Smoke Point   တစ်ခုနှင့်တစ်ခု     ကွာခြားလျက် ရှိသည်။ ဥပမာ- အုန်းသီးမှထုတ်လုပ်သော အုန်းဆီ ၏ Smoke Point မှာ ၁၁၇ ဒီဂရီစင်တီဂရိတ်ဖြစ်ပြီး ပဲပုပ်မှထုတ်လုပ်သော ပဲပုပ်ဆီ၏ Smoke Point မှာ ၂၄၁ ဒီဂရီစင်တီဂရိတ်  ဖြစ်သည်။ သို့ဖြစ်ပါ၍ ဆီများကို    သုံးစွဲရာတွင်    ဘူးခွံတွင်ပါဝင်သော Smoke Point များကိုကြည့်ကာ ရွေးချယ်ဝယ်ယူ သင့်သည်။ ထို့အတူ ဆီတွင်ပါဝင်သော အဆီဓာတ်၊ ကိုလက်စထရောပမာဏ၊   ဆိုဒီယမ်၊   ကယ်လိုရီ စသည်များကိုလည်း ကြည့်ရှုနှိုင်းယှဉ်ပြီး ဝယ်ယူသင့်သည်။ 

 


ပဲဆီများကို   ရေခဲသေတ္တာအတွင်းထားလျှင် မခဲစေရန်၊ မြေပဲဆီအရောင်နှင့်အနံ့ဖြစ်စေဖို့ ဓာတု နည်းဖြင့်ပြုပြင်ကာ ဈေးကွက်အတွင်းသို့ ရောင်းချ လျက်ရှိနေသည်ဟုသိရသည်။  သက်ရှည်ကျန်းမာ စွာနေထိုင်နိုင်ဖို့   အထက်ပါအချက်များအတိုင်း လိုက်နာကာ   စားသုံးဆီများကို  ရွေးချယ်ဝယ်ယူ ကြပြီး    ဆီစားသုံးမှုဓလေ့ကို   ပြုပြင်ကြပါစို့ဟု တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။     ။