COVID-19 : D614G : ကြောက်သင့်သလောက်ကြောက်ပြီး လုပ်သင့်တာကိုလုပ်ကြပါ

Type

ဆောင်းပါး

=====

 

COVID-19 : D614G : ကြောက်သင့်သလောက်ကြောက်ပြီး လုပ်သင့်တာကိုလုပ်ကြပါ

=================================================

 

ပါမောက္ခသိန်း

ဆေးတက္ကသိုလ်(၁) ရန်ကုန်

 

 

မိမိတို့ ဆေးလောကမှာ စာတမ်းတွေရေးကြ၊ ဖတ်ကြရင် အစမှာဖြစ်စေ အဆုံးမှာဖြစ်စေ “Disclosure” ဆိုပြီး စာတမ်းနဲ့ပတ်သက်လို့ ပြောဖို့လိုတဲ့ ဖွင့်ဟဝန်ခံချက်ကို ဖော်ပြရေးသားပြောဆိုလေ့ရှိပါတယ်။ အခုရေးမယ့် ဆောင်းပါးအတွက်လည်း မိမိအနေနဲ့ ဖွင့်ဟဝန်ခံချက် ဖော်ပြရေးသားလိုပါတယ်။ မိမိဟာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့် ပုဂ္ဂိုလ်လည်း မဟုတ်ပါဘူး။ USA / NIH က Dr Anthony Fauci လို UK Oxford University က Professor Sarah Gilbert နဲ့ London, Imperial College က Professor Robin Shattock တို့လို ကမ္ဘာကျော် ကျွမ်းကျင်ပညာရှင်အဆင့် လည်းမဟုတ်ပါဘူး။ မြန်မာပြည်ဆေးလောကမှာ ဆယ်စု နှစ်လေးခုကျော် ဖြတ်သန်းလာခဲ့တဲ့ အငြိမ်းစားဆေးပညာ ရှင်တစ်ဦးပါ။ အခု COVID-19 ကမ္ဘာ့ကပ်ရောဂါကြီး ဖြစ်နေတဲ့ အချိန်မှာ မိမိအနေနဲ့ သာမန်အများပြည်သူတွေ အတွက် ဒီရောဂါနဲ့ပတ်သက်လို့ သိသင့်တဲ့အချက်၊ ဆောင်ရန်ရှောင်ရန်အချက်တွေကို ရေးသားနေတဲ့အခါမှာ ကြောက်အောင် ၊ လန့်အောင် ခြောက်လှန့်ရေးတာမဟုတ်ဘဲ လူအများအနေနဲ့ သိသင့်တာနဲ့လုပ်သင့်ပြီး လုပ်နိုင်တာ ကိုသာ ရေးသားနေတာဖြစ်ပါကြောင်း ပထမဆုံး ဖော်ပြ လိုပါတယ်။

ကြောက်မက်ဖွယ်တိုးပွား

 

အခုရက်ပိုင်းမှာ မိမိတို့နိုင်ငံမှာ ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုဟာ (ခြောက်တာမဟုတ်ပါဘူးနော်) ကြောက်မက်ဖွယ် များပြားတိုးပွားနေပါတယ်။ မိမိတို့နိုင်ငံ ရဲ့ အနောက်တံခါး ရခိုင်ပြည်နယ်က အစပြုခဲ့တဲ့သဘော ပါ။ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၁၅ ရက်နေ့အထိ ပိုးတွေ့ လူနာ ၃၇၄ ယောက်နဲ့ ပြည်တွင်းကူးစက်မှု (Local Transmission) တစ်လတိတိမရှိဘဲ နေခဲ့ရာက ဩဂုတ်လ ၁၆ ရက်မှာ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြည်တွင်း ကူးစက်မှုလူနာအသစ် စတွေ့ရာက ၂၀၂၀ ပြည့်နှစ် စက်တင် ဘာလ ၁ ရက် နံနက် ၈ နာရီအထိ ပိုးတွေ့လူနာ ၈၈၇ ဦး ဖြစ်နေပါပြီ။

 

မိမိတို့နိုင်ငံမှာ ပထမဆုံး ပိုးတွေ့ အတည်ပြုလူနာ ကို ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်မှာ စတွေ့ခဲ့တာမို့ အဲဒီနေ့ကနေ ဩဂုတ်လ ၁၅ ရက်အထိ ငါးလနီးပါး အတိ အကျပြောရရင် ၁၄၁ ရက်မှာ ပိုးတွေ့လူနာ ၃၇၄ ဦးသာရှိခဲ့ ပေမယ့် ဩဂုတ်လ ၁၆ ရက်မှ စက်တင်ဘာလ ၁ ရက် နံနက်အထိ ၁၇ ရက်မှာ နောက်ထပ် ၅၁၃ ဦးတိုးလာလို့ ၈၈၇ ဦးဖြစ်လာ တာကိုကြည့်ရင် အခုလဝက်ဖြစ်တာဟာ အရင်ငါးလလောက်ကထက်များနေတာမို့ ကြောက်မက် ဖွယ်ဆိုတဲ့စကားကို ကျိုးကြောင်းညီလျော်စွာ သုံးစွဲဖော်ပြ ရတာကို သဘောပေါက်စေလိုပါတယ်။

အဲဒီမှာ လူပြောများနေသလို တချို့ငြင်းနေကြတဲ့ အချက်နဲ့စတင်ပါရစေ။ ခဏခဏ ပြောနေကြတဲ့ “Second Wave” ဒုတိယလှိုင်း စနေပြီလား၊ ဒုတိယလှိုင်းရော သေချာ ရဲ့လား “ First Wave” ပထမလှိုင်းကရောတကယ်ပြီးသွား ပြီလား၊ ပထမလှိုင်းရဲ့ အဆက်ရောမဖြစ်နိုင်ဘူးလား။ အရင်ကမဖြစ်ဖူးတဲ့နေရာသစ်မှာဖြစ်တာကို ဒုတိယလှိုင်း ပြောတာ လက်ခံရမှာလားဆိုတဲ့ ဝေဖန်ငြင်းခုံမှုတွေ တွေ့နေကြားနေကြရပါတယ်။ တချို့ကလည်း ပင်လယ် ဒီလှိုင်းနဲ့ နှိုင်းယှဉ်ပြီး လှိုင်းရဲ့ သဘာဝက နောက်ပိုင်း လှိုင်းတွေဟာ ပထမဆုံးလှိုင်းတွေလောက် မပြင်းထန် တတ်ပါဘူးလို့ ဆိုကြပြန်တယ်။

 

ငြင်းခုံနေတာ အကျိုးမရှိနိုင်

ဒီကပ်ရောဂါရဲ့လှိုင်းကို ပင်လယ်လှိုင်းနဲ့တစ်ထပ်တည်း စဉ်းစားဥပမာပေးလို့တော့မဖြစ်ပါဘူး။ လွန်ခဲ့တဲ့နှစ်တစ် ရာကျော် ၁၉၁၈ ခုနှစ်မှာဖြစ်ခဲ့ပြီး ကမ္ဘာ့လူဦးရေ သုံးပုံ တစ်ပုံလောက်ဆုံးပါးခဲ့တယ်လို့ ယူဆခဲ့ကြတဲ့ စပိန်တုပ် ကွေး (Spanish Flu)တုန်းက ဒုတိယအကြိမ် ( Second Wave) က ပထမအကြိမ် ( First Wave) ထက်အများကြီး သေဆုံးခဲ့ကြတာပါ။ ဒီထက်ပိုအရေးကြီးတာက ဒီကိုဗစ်- ၁၉ ရဲ့လောလောဆယ်ဖြစ်စဉ်ကို ဘယ်နှကြိမ် မြောက် လှိုင်းလို့သတ်မှတ်ရမလဲဆိုတာ မိမိလိုဆေးပညာ ရှင် အပါအဝင် သာမန်လူအများစုရဲ့ အလုပ်မဟုတ်ပါဘူး။ ကျန်းမာရေးလောကမှာတောင် ကပ်ရောဂါဆိုင်ရာပါရဂူ (Epidemiologist)တွေ၊ နိုင်ငံနဲ့ချီပြီး ကျန်းမာရေး ဝန်ဆောင်မှုအတွက် တာဝန်ရှိပုဂ္ဂိုလ်တွေရဲ့ အလုပ်ပါ။ ဘာလှိုင်းပဲဖြစ်ဖြစ် ပြည်သူလူထူတစ်ဦးချင်း တစ်ယောက် ချင်း ဆောင်ရွက်လုပ်ကိုင်ကြရမယ့် အချက်တွေက လုံးဝ အတူတူပါပဲ။ ပြောင်းလဲမှုရှိမှာမဟုတ်လို့ ကိုယ့်အလုပ်မဟုတ် တာနဲ့ စိတ်အရှုပ်ခံပြီး ငြင်းခုံနေတာတွေဟာ ဘယ်သူမှ အကျိုးမရှိနိုင်တာကိုသိစေချင်ပါတယ်။

ဆက်လက်ပြီး ခြောက်တာမဟုတ်ပါဘူး။ ကြောက် သင့်ပါတယ်ဆိုတဲ့အချက် ဆက်ပါရစေ။ အခုပထမ ငါးလ လောက်မှာ တဖြည်းဖြည်းနဲ့ ငြိမ်ငြိမ်လေး ကူးစက်နေရာ က အခုလဝက်အတွင်းမှာ ငါးလစာမကအောင်ကို ဝုန်းခနဲ တက်လာတာဟာ စိုးရိမ်စရာ ဟုတ်၊ မဟုတ် အငြင်းပွား ဖွယ်မရှိ လောက်ပါဘူး။ ဘာလို့ဒီလိုဒီလောက်ကြီးဖြစ် သွားရတာလဲဆိုတာကတော့ သိသင့်တာပေါ့။ ဒါလည်း ဘယ်သူကမှ ရာနှုန်းပြည့် အဖြေမပေးနိုင်ပေမယ့် ဖြစ်နိုင် ဖွယ်အချက်လေးတွေဖော်ပြပါမယ်။

 

သတိထားချီးကျူးလောက်

ပြောခဲ့သလို ငါးလလောက် အထူးသဖြင့် ဇွန်၊ ဇူလိုင် လတွေမှာ ရောဂါကူးစက်နှုန်း သိသိသာသာကျလာပါ တယ်။ မိမိတို့နိုင်ငံအနေနဲ့ ရောဂါကူးစက်မှုရော သေဆုံး မှုပါ ကမ္ဘာက သတိထားချီးကျူးလောက်အောင် သိပ်မများ ခဲ့ရတာက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဦးစီးပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန သာမက ဝန်ကြီးဌာနပေါင်းစုံ၊ လူမှုရေးအဖွဲ့အစည်းပေါင်းစုံနဲ့ နိုင်ငံ သား တစ်ဦးချင်းရဲ့ဆောင်ရွက်ခဲ့မှုတွေကြောင့်ပါ။

အဓိက အချက်ကတော့ အသွားအလာမှုကန့်သတ်ခြင်း ကိုဖိဖိစီးစီးလုပ်ခဲ့တာ၊ အထူးသဖြင့် မြန်မာ့ရိုးရာသင်္ကြန် ကာလမှာ ပြည်သူတစ်ရပ်လုံးက တညီတညွတ်တည်း ပါဝင် ခဲ့ကြလို့ပါ။ တစ်ဖက်က သွားလာမှုကန့်သတ်ခြင်းကြောင့် ရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင်သော်လည်း အခြားတစ် ဖက်မှာ လူထူအလွှာအသီးသီးရဲ့ စီးပွားရေး၊ လူမှုရေး ဆက်ဆံရေးနဲ့ နိုင်ငံရေးတွေအထိ အတိုင်းအတာတစ်ခု အထိ နစ်နာဆုံးရှုံးထိခိုက်မှုတွေကို ကမ္ဘာပေါ်ကတခြား နိုင်ငံတွေလိုပဲ မိမိတို့နိုင်ငံလည်း ကြုံတွေ့ခဲ့ကြရတာပါ။ ဒါကြောင့် ဖြေလျှော့မှုတွေကို ကိုယ့်နိုင်ငံရဲ့ အခြေအနေအရ တစ်ဆင့်ချင်း တဖြည်းဖြည်း ဖြေလျှော့ပေးခဲ့ပါတယ်။ ဖြေလျှော့ပေးပေမယ့် ကာကွယ်ရမယ့် ဆောင်ရန်ရှောင်ရန် တွေကို မမေ့ကြ၊ မပေါ့ကြဘဲလုပ်ကြဖို့ သက်ဆိုင်ရာတွေ က  အဆက်မပြတ် သတိပေးနေကြပါတယ်။ ဒါပေမယ့် လူ့သဘာဝအရ နိုင်ငံတကာမှာလိုပဲ လူတွေက လုံးဝ မကြောက်ကြတော့ဘဲ အိမ်မှာနေခြင်း “Stay Home”ကို သိပ်မကျင့်သုံးကြတော့ဘဲ လူထူထပ်တဲ့နေရာတွေကို ပိုသွားလာကြသလို နှာခေါင်းစည်း၊ ပါးစပ်စည်း ပုံမှန်မတပ် ကြ၊ တပ်ရင်လည်း စနစ်တကျမတပ်၊ လက်သန့်ရှင်းရေး hand Hygeine ကိုလည်း ပေါ့ဆလာကြပါတယ်။

 

အဲဒီလိုအချိန်မှာ (ကံဆိုးတယ်လို့ဆိုချင်ဆို) တိုက် ဆိုင်မှုက ကိုဗစ်-၁၉ ရောဂါပိုးရဲ့ မျိုးရိုးဗီဇပြောင်းလဲခြင်း (Genomic Mutation)က ဖြစ်ခဲ့ပါတယ်။ သာမန်လူအများ နားလည်လွယ်အောင်ပြောရရင် ရောဂါပိုးမွှားတွေရဲ့ သဘာဝကိုက လောကကြီးထဲ ရောက်လာပြီးရင် သူတို့ရဲ့ ရှင်သန်မှုအတွက်မျိုးရိုးဗီဇကို ပြောင်းလဲလေ့ရှိတတ်ကြ ပါတယ်။ ပိုမိုခံနိုင်ရည်ရှိအောင်ပြောင်းလေ့ရှိတာမို့ နဂိုမူလ ထက်တော့ ပိုအစွမ်းထက်၊ ပိုသန်မာတဲ့ မျိုးရိုးအသစ်ဖြစ် တတ်ကြပါတယ်။

 

ဆိုလိုတာက ရောဂါဖြစ်စေတဲ့ပိုးဆိုရင် ပိုမိုပြင်းထန်ဖို့ များမှာပါ။ ကူးစပ်မှုပိုများတာကအစ ရောဂါလက္ခဏာ ပိုပြင်း တာ နောက်ဆုံးအသေအပျောက် ပိုဖြစ်တာအထိ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ပြောင်းလဲသွားတဲ့ မျိုးရိုးအသစ်က နဂိုမူလ ထက်စွမ်းအားနိမ့် ပျော့ညံ့တာမျိုးရှိနိုင်ပေမယ့် အဲဒီလို ပြောင်းခဲ့ရင်တော့ ရောဂါကူးစက်မှုကအစ လျော့နည်းသွား မှာပါ။ အခု ကိုဗစ်-၁၉ ရောဂါပိုးဟာလည်း သုတေသန ပညာရှင်တွေအဆိုအရ စဖြစ်ခါစက ပိုးအမျိုးအစားမဟုတ် တော့ဘဲ မျိုးရိုးဗီဇပြောင်းလဲသွားပြီဖြစ်ပါတယ်။ ဥရောပ တိုက်မှာ အဲဒီလိုမျိုးရိုးဗီဇပြောင်းလဲမှုကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကတည်းက တွေ့ခဲ့ပြောခဲ့ကြပါတယ်။

 

အခုအများပြောနေကြတဲ့ D614G ဆိုတဲ့ မျိုးရိုး ပြောင်းလဲမှုအကြောင်းနဲ့ ပတ်သက်လို့ပြောရရင်တော့ ကိုဗစ်-၁၉ ပိုးရဲ့ဖွဲ့စည်းပုံမှာ အမိုင်နိုအက်ဆစ်အတန်း (Amno acid Chain) ရဲ့ နံပါတ် ၆၁၄ နေရာမှာ မူလက ရှိနေတဲ့ Aspartate (D လို့သတ်မှတ်ထားတာပါ) အစား Glycine (G ပေါ့) ပြောင်းသွားတာပါ။ အတိုချုံးပြောရရင် တော့ မူလက D 614 ဖြစ်ပြီး အခုတော့ G 614 ဖြစ်နေတာ ပေါ့။ အခုလက်ရှိကာလမှာ ကမ္ဘာ့နိုင်ငံ အတော်များများ မှာ ပြန့်ပွားကူးစက်နေတာဟာ အဲဒီမျိုးရိုးဗီဇအသစ် G614 အမျိုးအစားပါ။ အပေါ်မှာဖော်ပြခဲ့သလိုပဲ အသွင်ပြောင်းပိုး က မူလထက်ပြင်းထန်မှုမှာ သေချာတာကတော့ ကူးစက် ပြန့်ပွားမှုသိသိသာသာများတာပါပဲ။ သုတေသနပြုမှုတွေ ကနေ ထုတ်ပြန်ထားချက်တွေအရ အရင်ကထက် ၁၀ ဆ ပိုမိုကူးစက်ပြန့်ပွားနိုင်တယ်လို့ သိရပါတယ်။

 

“The Cell”ဆိုတဲ့ သိပ္ပံဂျာနယ် အဆိုအရ ကမ္ဘာပေါ် မှာ ပျံ့နှံ့နေတဲ့ ရောဂါပိုး Circulating COVID-19 ရဲ့ ၉၀ % ကျော် (တိတိကျကျ ပြောရရင် ၉၇%) ဟာ မျိုးရိုးဗီဇအသစ် G614 ဖြစ်နေတာပါ။ မိမိတို့နိုင်ငံ မှာလည်း သတင်းစာရှင်းလင်းပွဲမှာ တရားဝင် ထုတ်ပြန် ထားတဲ့သတင်းအရ COVID-19, G614 တွေ တွေ့နေကြ ရပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ နှစ်ပတ်လောက်အတွင်း မှာ တစ်ဟုန်ထိုးများလာရခြင်းကိုပြန်စမ်းစစ်ရင် လူထုတွေ ပေါ့ဆမိကြပြီး အိမ်မှာ မနေကြတာ၊ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေရမယ်ဆိုတာကို မလိုက်နာကြတာ၊ နှာခေါင်း စည်း၊ ပါးစပ်စည်းတွေ မတပ်ကြတာ၊ စနစ်တကျလက်ဆေး ဖို့ ပေါ့ခဲ့ကြတာရယ်၊ မျိုးဗီဇ အသစ်ဝင်လာတာ ရယ်ကြောင့် လို့ ယူဆရမှာပါ။ သုတေသီတွေက အခုပိုးအသစ်က ၁၀ ဆ ပိုပွားနိုင်တယ် ပြောထားကြသလို မိမိတို့နိုင်ငံ မှာပြန်ကြည့်ရင် လောလောဆယ် ၁၇ ရက်ပိုးတွေ့လူနာ ဟာ အရင်ရက် ၁၅၀ နီးပါး တွေ့ခဲ့သလောက်ထက်များ နေတာ သတိထားမိပါတယ်။

 

ကြောက်စရာမလိုဘူးလို့ ပြောမထွက်

အခုတွေ့နေရတဲ့ပိုးအသစ်ဟာ တခြားနိုင်ငံတွေလိုပဲ ကူးစက်မှုမြန်တာကတော့ သေချာနေပါပြီ။ ဒီလောက် ကူးစက်မှုမြန်နေတာကို ကြောက်စရာမလိုဘူးလို့တော့ ဆေးပညာရှင်တစ်ယောက်အနေနဲ့တော့ ပြောမထွက်ပါ ဘူး။ နောက်ထပ်တွေ့ရှိထားချက်တွေက ဒီပိုးအသစ်ဟာ အသက်ရှူလမ်းကြောင်းထဲဝင်ရင် ပိုပြီးတွယ်ကပ် (Increased Stickiness) နိုင်စွမ်းရှိနိုင်တာရယ်၊ ပိုးကောင်ရေ (Viral Load)ပိုများများ ဝင်နိုင်တာရယ်ဆိုတဲ့ အချက်လေးတွေပါ။

 

ဒီအချက်နှစ်ချက်ကလည်း အခုပိုးအသစ်ဟာ အရင် လောက် မပြင်းနိုင်ဘူးလို့ သေချာပေါက်ပြောဖို့ခက်စေတဲ့ အချက်တွေပါ။ ကလေးတွေး တွေးရင်တောင် ပိုးကောင်ရေ ၁၀ ကောင်နဲ့ ပိုးကောင်ရေ ၁၀၀ ဘယ်ဟာက ပိုပြင်း၊ ပိုဆိုးနိုင်မလဲ တွေးဆနိုင်မှာပါ။ လောလောဆယ် တွေ့နေ ကြရတဲ့ အချက်က ကူးစက်မှု ၁၀ ဆ တက်ပေမယ့် ရောဂါ လက္ခဏာ ပိုပြင်းထန်သလားဆိုတာကို ပြောဖို့စောနေသေး သလို သေဆုံးမှုလည်း ဘယ်နိုင်ငံမှာမှ သိသိသာသာတက် လာတာကို မတွေ့ကြရသေးပါဘူး။ အရေးအကြီးဆုံး အချက်ကတော့ အရင်ထက်သေချာပေါက် ပျော့တယ်၊ အရင်လောက် မပြင်းထန်တာ သေချာတယ်၊ အရင်လောက် မသေနိုင်ဘူးလို့ ဘယ်သူကမှ အာမခံပြီး မပြောနိုင်သေးပါ ဘူး။ တစ်ဖက်မှာလည်း သေချာပေါက်ကို ပိုပြင်း၊ ပိုဆိုး ပိုသေမယ်လို့ လည်း မပြောနိုင်ကြ၊ မပြောကြသေးပါဘူး။ နိုင်ငံတိုင်းက အထူးဂရုတစိုက်ဆောင်ရွက်ရင်း စောင့်ကြည့် လေ့လာနေရဆဲပါ။

 

လောလောဆယ်ကံကောင်းနေတာကတော့ အခု ရောဂါကူးစက်ပြန့်ပွားနေတဲ့ အများစုဟာ ယေဘုယျအားဖြင့်ကိုယ်ခံအားကောင်းနေကြတဲ့ လူငယ်လူရွယ်၊ လူလတ် ပိုင်းတွေ ဖြစ်နေကြတာပါပဲ။ ၇၀-၇၅ % လောက်က ဘာရောဂါလက္ခဏာမှ မပြကြပါဘူး။ ထိတွေ့မှု Contact ကြောင့် စစ်လိုက်လို့သာ သိလိုက်ရတာပါ။ ရောဂါလက္ခဏာ ပြသူတွေကလည်း ပြင်းထန်တဲ့အခြေအနေမဟုတ်တာဟာ လူငယ်တွေ ဖြစ်နေလို့ပါ။ စစ်လိုက်လို့သိလိုက်ရတဲ့ လူတွေတွေ့နေသလို မိမိတို့ပတ်ဝန်းကျင်မှာသူတို့လိုပဲ ပိုးကူးစက်ထားပေမယ့် ရောဂါလက္ခဏာမပြဘဲ လူသာမန် လို သွားလာလှုပ်ရှားနေတဲ့သူ ဘယ်လောက်များနေမလဲ ဆိုတာကို ဘယ်လိုမှခန့်မှန်းလို့ မဖြစ်နိုင်ပါဘူး။ နိုင်ငံ တကာမှာလည်း လောလောဆယ် ဒီအတိုင်းပါပဲ။

 

နဂိုရောဂါအခံရှိသူများ ဖြစ်ခဲ့

ကိုဗစ်-၁၉ စဖြစ်တုန်းကာလတွေတုန်းက ပြင်ဆင်မှု မရှိခဲ့တာရယ်၊ တချို့ကလည်း သိပ်မပြင်းထန်ကောင်း ပါဘူးဆိုပြီး Herd Immunity ရအောင် တမင်လွှတ်ထား ခဲ့ကြတာရယ် (အမေရိကန်၊ ယူကေနိုင်ငံ) တွေကြောင့် သေဆုံးမှု များပြားခဲ့ကြရပါတယ်။ သေဆုံးသွားသူအတော် များများဟာလည်း သက်ကြီးရွယ်အိုများနဲ့ သွေးတိုး၊ သွေးချို ဆီးချို၊ အဆုတ်ပွ၊ နှလုံးရောဂါ၊ ကင်ဆာအမျိုးမျိူး စသည်ဖြင့် နဂိုရောဂါအခံရှိသူများဖြစ်ခဲ့ကြတာပါ။ အဲဒီ နောက်ပိုင်းမှာတော့ အဲဒီ Vulnerable group လို့ သတ်မှတ် နိုင်တဲ့ လူအုပ်စုတွေကို မိသားစုတိုင်းက အထူးဂရုစိုက်ပြီး အပြင်ကို မထွက်ခိုင်းကြသလို မဖြစ်မနေထွက်ရရင်လည်း လိုအပ်တဲ့ကာကွယ်မှုတွေ မမေ့မလျော့ လုပ်ဆောင်ကြတာ မို့ အဲဒီလူအုပ်စုတွေ ရောဂါကူးစက်ပြန့်ပွားမှု နည်းသလို သေပျောက်မှုလည်းနည်းနေတာ ဖြစ်ပါတယ်။ အဲဒီအချက် ကြောင့် အခုလောလောဆယ် ရောဂါပြင်းထန်မှုတွေ သိပ် မတွေ့ရသလို သေဆုံးမှုလည်း သိပ်မများတာဟာ ကောင်း တဲ့အချက်ဖြစ်ပေမယ့် စိတ်ချလက်ချ ပေါ့ပေါ့ဆဆပြုမူ နေထိုင်လို့တော့ မရနိုင်တာကို ထပ်သတိပေးချင်ပါတယ်။ ကြောက်နေကြရဦးမှာပါဆိုတာကို ခြောက်လှန့်တာ မဟုတ်ဘဲ အမှန်အတိုင်း ပြောနေရခြင်းပါ။

 

ဒါကြောင့်လဲ နိုင်ငံ့ခေါင်းဆောင် ကိုယ်တိုင်ဦးဆောင် တဲ့ ဌာနဆိုင်ရာအားလုံးရဲ့ လမ်းညွှန်မှုနဲ့အတူ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ ရှေ့တန်းမှာ တာဝန်ယူနေကြ တဲ့ အဆင့်ဆင့်သော ဆရာဝန်၊ ဆရာမ၊ ကျန်းမာရေး ဝန်ထမ်းအားလုံးက လက်ရှိဆောင်ရွက်နေကြတဲ့ ဆောင် ရွက်မှုအားလုံးကို လုံးဝမလျှော့ဘဲ အရှိန်အဟုန်မြှင့် ဆက်လုပ်နေကြသလို လူမှုရေးအဖွဲ့အစည်းတွေနဲ့ စေတနာရှင်ပြည်သူတွေကလည်း Volunteer လုပ်အား ပေးကူညီမှုနဲ့ လိုအပ်တဲ့ပစ္စည်းနဲ့ငွေကြေးလှူဒါန်းပံ့ပိုးမှု ကို တစ်ရှိန်ထိုးလုပ်နေကြပါတယ်။ ဒါပေမယ့် အမှန်အတိုင်း ပြောရရင်တော့ Health Care Worker တွေ၊ Volunteer တွေ၊ Donor တွေ အကုန်လုံးလိုလိုပဲ Fatigue ( အားအင် ကုန်ခမ်းချိနဲ့စ) ဖြစ်နေပါပြီ။ အဲဒီအုပ်စု သုံးခုစလုံးမှာ လည်း Manpower လို့ခေါ်တဲ့ လူအင်အားအနေနဲ့ နောက်ထပ်အများကြီး တိုးလာစရာ မရှိတာလည်း သေချာ ပါတယ်။ ဒီအုပ်စုတွေ မပြိုလဲသွားဖို့ အလွန်အရေး ကြီးနေပါပြီ။ အဲဒီအချက်ကလည်း အခုအခြေအနေဟာ မပေါ့သင့်တဲ့၊ ကြောက်ကို ကြောက်သင့်တဲ့ အချက်ဆိုရင် မမှားပါဘူး။

 

အခု ကိုဗစ် - ၁၉ ရောဂါနဲ့ မိမိတို့လူသားတွေနဲ့ တိုက်ပွဲ ဆင်နေကြရတာပါ။ လူတိုင်း မကြားချင်လောက် အောင် ရွံမုန်းနေတဲ့ လက်နက်ကိုင်စစ်ပွဲနဲ့ ဥပမာမပေးဘဲ လူတွေ သဘောကျနှစ်ခြိုက်ကြတဲ့ ပရီမီယာလိဂ်/ ချန်ပီယံ လိဂ် ဘောလုံးပွဲလေးတွေနဲ့ ဥပမာပေးပါရစေ။ အခုပွဲ မှာ ကိုဗစ်- ၁၉ ပိုးက တိုက်စစ်ဆင်နေပြီး မိမိတို့လူသား တွေက တောက်လျှောက်ခံစစ်နဲ့ ကစားနေကြရတာပါ။ ကိုဗစ်- ၁၉ ပိုးက ရာသီစခါစကထက်ပိုပြီး ကျွမ်းကျင်ပြီး တန်ဖိုးကြီးတဲ့ ကမ္ဘာ့အဆင့်တိုက်စစ်မှူးတွေနဲ့ ပြင်ဆင် ပွဲထွက်နေပါပြီ။ အရင်ထက် ပါဝါကြီးတာသေချာနေပါ တယ်။ မိမိတို့လူသားတွေအနေနဲ့ နဂိုက တောင့်တင်း လှတဲ့ခံစစ်ကို နည်းနည်းမှ လျှော့လို့၊ အပွန်းအပဲ့ခံလို့ မဖြစ်ပါဘူး။ မိမိတို့ခံစစ်ကို ထပ်အားဖြည့်မယ့် (ကာကွယ် ဆေး / ကုသဆေး) ကမ္ဘာ့အဆင့် ခံစစ်မှူး / တိုက်စစ်မှူး တွေ ထပ်မံဖြည့်တင်းမှု မပြုလုပ်နိုင်ခင်မှာ လက်ရှိခံစစ် ကိုတော့ ဟာကွက်လုံးဝမရှိအောင် ပြင်ဆင်မြဲ ပြုလုပ်မြဲ ထက် ပိုပြီးဝီရိယစိုက်ထုတ်ကြရမှာပါ။

လိုအပ်သလောက်ပဲ ထွက်

 

 

အဲဒီလုပ်ငန်းတွေက မိမိတို့ ခဏခဏပြောနေတဲ့ (၁) Stay Home မလိုအပ်ရင် အိမ်ပြင်မထွက်ကြဘဲ အိမ်ထဲ မှာပဲ နေကြပါ၊ အထူးသဖြင့် အရင်လောက် မဆိုးနိုင်ပါဘူး ဆိုတဲ့ ရာနှုန်းပြည့် သက်သေပြထားတာ မဟုတ်ဘဲ ပြောဆိုရေးသားနေကြတာကိုယုံပြီး Vulnerable Group သက်ကြီးရွယ်အိုတွေ၊ ရောဂါအခံရှိသူတွေကို အပြင်ခေါ် မထုတ်ကြပါနဲ့။ နိစ္စဓူဝ စားဝတ်နေရေးအတွက် မဖြစ် မနေထွက်ရမယ့်လူတွေကတော့ မထွက်လို့မှမဖြစ်ဘဲ ထွက်ကြရမှာပေါ့။ စားဝတ်နေရေးအတွက် မဖြစ်မနေကိစ္စ ကလွဲလို့ မထွက်ကြဖို့လိုပါတယ်။ အိမ်တစ်အိမ်က လိုအပ်သလောက်ပဲ ထွက်အောင်စီစဉ်ဖို့လိုပါတယ်။ ဥပမာဈေးသွားတာမျိုးမှာ တစ်အိမ်တည်းက သုံးယောက် သွားမယ့်အစား တစ်ယောက်ပဲသွားရင် ၁၀ အိမ်ဆို လူ ၂၀ အပြင်မှာလျော့စေမှာပါ။

 

အဲဒီပြုမူချက်က နောက်အချက်(၂) Social Distancing အပြင်ကိုထွက်ရင် တစ်ဦးနဲ့တစ်ဦး ခြောက်ပေ ခွာနေရမယ့်အချက်ကို အထောက်အကူပြုမှာပါ။ ဘယ်နေရာမှာမဆို လူနည်းရင် ခွာနေလို့ ပိုအဆင်ပြေ မှာပါ။ လူတစ်ဦးနဲ့တစ်ဦး (အခုအထိ လက်ခံထားတာ အရ) ခြောက်ပေကွာရင် ရောဂါကူးစက်ဖို့ ခဲယဉ်းပါတယ်။ မိမိအနေနဲ့ အခုအထိဆိုတဲ့ စကားသုံးရတာက ဒီကိုဗစ်- ၁၉ ပိုးက တစ်နေ့တစ်မျိုး မရိုးရအောင် အသစ်၊ အသစ် တွေ့ရှိမှု တွေ ဖြစ်နေလို့ပါ။ အဲဒီလိုခွာနေရမှာက လူကြီးလူငယ်၊ ကျားမ မရွေးပါနော်။ အပေါ်မှာပြောခဲ့သလိုပဲ လူငယ်တွေ က ရောဂါကူးစက်သွားပေမယ့် ရောဂါလက္ခဏာမပြ မခံစား ရပေမယ့် ဝင်သွားတဲ့ပိုးက မိမိအိမ်ပြန်ရောက်ရင် တွေ့ရမယ့် မိဘ၊ ဘိုးဘွားတွေ၊ လူမမယ်ကလေးတွေ၊ ရောဂါအခံရှိသူ တွေကိုတော့ သေချာပေါက် ကူးစက်ပျံ့နှံ့မှာဖြစ်ပြီး လူကြီး တွေနဲ့ ရောဂါအခံရှိသူတွေမှာတော့ ရောဂါပြင်းထန်ရုံမက အသက်အန္တရာယ်ပါ ရှိနိုင်တာမို့ လူတိုင်းလူတိုင်း တစ်ဦးနဲ့ တစ်ဦး ခြောက်ပေခွာနေရမှာကို မဖြစ်မနေလိုက်နာကျင့်သုံး ကြရမှာပါ။

 

အပြင်ထွက်ရင် မမေ့မလျော့လုပ်ရမယ့်  နောက်အချက် (၃) ကတော့ နှာခေါင်းစည်း၊ ပါးစပ်စည်းကို စနစ်တကျ တပ်ဆင်ခြင်းပါပဲ။ မေးစေ့ချိတ်တဲ့ Chin Mask မဖြစ်စေဖို့၊ တပ်ပြီးရင် လက်နဲ့မထိစေဖို့၊ စိုနေရင်၊ မသန့်တော့ရင် အသစ်တစ်ခုလဲဖို့၊ စွန့်ပစ်ရင်လည်း ကြုံသလိုမပစ်ဘဲ စနစ် တကျစွန့်ပစ်ဖို့ပါ။

 

တချို့က Face Shield ခေါ်တဲ့ (ပလတ်စတစ်) မျက်နှာ ကာအကြောင်း သိချင်မှာပါ။ မျက်နှာကာက နှာခေါင်းစည်း အစား သုံးလို့ လုံးဝမရပါဘူး။ တစ်ခုပဲရွေးရရင် နှာခေါင်းစည်း ကိုပဲ သုံးရမှာပါ။ နှာခေါင်းစည်းတပ်ပြီး မျက်နှာကာ ထပ်တပ် လို့ရပေမယ့် မျက်နှာကာတစ်ခုတည်းကို နှာခေါင်းစည်းမပါဘဲ သုံးတာက စိတ်မချရပါဘူး။ (ခြွင်းချက်ကတော့ ရင်ခွင်ပိုက် နဲ့ ကလေးငယ်လေးတွေမှာတော့ နှာခေါင်းစည်းအစား သုံးကြ လေ့ ရှိပါတယ်။ အပြင်မထွက်ရင် သူတို့လည်း မလိုပါဘူး)

အလေ့အကျင့်တောင်ပျောက်

 

နောက်အရေးကြီးတဲ့ အချက် (၄) ကတော့ Hand Hygiene and Hand Washing လက်သန့်ရှင်းရေးနဲ့ လက်ဆေးခြင်းပါပဲ။ ရောဂါပိုးကူးစက်ပြန့်ပွားတာမှာ အသက်ရှူလမ်းကြောင်းက တိုက်ရိုက်ဝင်သလို ရောဂါပိုး ထိရောက်ကပ်ငြိနေတဲ့ ပစ္စည်းတွေ၊ မျက်နှာပြင်တွေကို လက်နဲ့ထိမိပြီး အဲဒီမသန့်တဲ့လက်နဲ့ မျက်နှာမှာ “T-zone” လို့ခေါ်တဲ့ မျက်စိနှစ်လုံး၊ နှာခေါင်း၊ ပါးစပ်တွေနဲ့ ထိမိရင် လည်း ရောဂါကူးစက်တာမို့ အပြင်ထွက်ရင် တံခါးလက်ကိုင်၊ လက်ရန်း၊ စားပွဲ၊ ကုလားထိုင်၊ ဘယ်ပစ္စည်း ဘယ်အရာဝတ္ထု ကိုမှ မိမိလက်နဲ့ ထိတွေ့မှုမရှိအောင် အထူးဂရုစိုက်နေရပါ မယ်။ အခုခေတ် တစ်ဦးနဲ့တစ်ဦး လက်ဆွဲနှုတ်ဆက်တဲ့ အလေ့အကျင့်တောင် ပျောက်သွားပါပြီ။

 

နောက်တစ်ချက်က အပြင်ကပြန်လာတိုင်း၊ တစ်ခုခုနဲ့ ထိမိပြီးတိုင်း၊ မသင်္ကာတိုင်း လက်ကို စနစ်တကျ ဆပ်ပြာနဲ့ အနည်းဆုံး စက္ကန့် ၂၀ နေရာအနှံ့ စနစ်တကျ မကြာမကြာ ဆေးတဲ့အကျင့်ကို လုပ်ကြရပါမယ်။ ကိုယ်အပြင်‌ရောက် နေလို့ ဆပ်ပြာနဲ့ရေ အလွယ်တကူမရနိင်မှာမို့ အပြင် ထွက်နေသူတွေကတော့ အရက်ပြန် Alcohol ၇၀ ရာခိုင်နှုန်း ပါတဲ့  လက်သန့်ဆေးရည် (Alcohol Hand Gel / Sanitizer) လေးတွေ ဆောင်ထားပြီး ထိမိကိုင်မိပြီးတိုင်း လက်တစ်ခု လုံးကို သန့်စင်ရပါမယ်။

အခုဖော်ပြထားချက်တွေဟာ အထူးအဆန်း ကြီးကြီးကျယ်ကျယ်တွေ မဟုတ်ပါဘူး။ ကိုဗစ် - ၁၉ စဖြစ် ခါစကတည်းက ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ တာဝန်ရှိအဖွဲ့အစည်းအသီးသီးက မဖြစ်မနေ လုပ်ဆောင် ကြဖို့ တဖွဖွသတိပေးနေတဲ့ အချက်တွေပါပဲ။ အချိန်ကြာ လာတာနဲ့အမျှ အဲဒီအလေ့အကျင့်တွေ မေ့လျော့ပေါ့ဆ မလုပ်မိကြလို့ ကူးစက်မှုများလာနိုင်ပါတယ်။

 

နည်းနည်းလေးမှ ပေါ့လိုက်လို့မဖြစ်

နိဂုံးချုပ်ရရင် အခုခေါင်းပြန်ထောင်လာတဲ့ ကိုဗစ်- ၁၉ ကပ်ရောဂါဆိုးဟာ ဘာလှိုင်းပဲဖြစ်ဖြစ် စိုးရိမ်ရမှာပါ။ ၁၀ ဆ ပိုကူးစက်တာ သေချာနေပါတယ်။ မိမိတို့နိုင်ငံမှာ စဖြစ်တဲ့ မတ် ၂၃ ရက်ကနေ ဩဂုတ် ၁၅ ရက်အထိ  ပိုးတွေ့ လူနာ ၃၇၄ ယောက်သာရှိခဲ့ပေမယ့် ဩဂုတ် ၁၆ ရက် ကနေ ဒီဆောင်းပါးရေးနေတဲ့ စက်တင်ဘာ ၁ ရက် နံနက် ၈ နာရီအထိ ၈၈၇ ယောက် ရှိနေတာမို့ ၁၇ ရက်မှာ ၅၁၃ ယောက် ထပ်တိုးလာတာပါ။ ပေါ့သေးသေး မဟုတ်ပါဘူး။ ခြောက်တာမဟုတ်ပါဘူး။ အရင် လောက် မဆိုးလောက်ပါဘူးဆိုပြီး နည်းနည်းလေးမှ ပေါ့လိုက်လို့ မဖြစ်ပါဘူး။ ကြောက်ကြရမှာပါ။ ကြောက်ကိုကြောက်ကြ ပါ။ ဒါပေမယ့် Panic ဖြစ်လောက်အောင် အကြောက် လွန်ပြီး တစ်လ၊ နှစ်လစာ ပစ္စည်းတွေ မတန်တဆဈေးနဲ့ ဝယ်၊ တစ်အိမ်လုံး တစ်ယောက်မှ အိမ်ထဲက အိမ်ပြင် မထွက်ဘဲနေ၊ အသက်တောင် ပြင်းပြင်းမရှူကြနဲ့လို့ သဘာဝမကျတဲ့ အကြံဉာဏ်တွေပေး၊ ဆောင်ရွက်မှုတွေ လုပ်ခိုင်းနေတာ မဟုတ်ပါဘူး။ နဂိုကတည်းက တဖွဖွ ပြောပြီး လုပ်ခိုင်းထားတဲ့ လေးမျိုးကိုသာ မမေ့မလျော့၊ မပေါ့မဆ သတိချပ်လုပ်ကြရန်သာ တိုက်တွန်းနေတာပါ။ အဲဒီအခြေခံ အချက်လေးမျိုးကို မလစ်ဟင်းရအောင် ဆောင်ရွက်ကြရင်း မိမိကိုယ်တိုင်နဲ့ မိမိရဲ့မိသားစု၊ ပတ်ဝန်းကျင်မြို့ရွာကနေ နိုင်ငံတစ်ခုလုံးအနေနဲ့ ဒီကိုဗစ် ကပ်ရောဂါဆိုးကြီးရဲ့ အန္တရာယ်ကို အကောင်းဆုံးခံစစ်နဲ့ ရင်ဆိုင်ကြပါစို့။

 

(၁-၉-၂၀၂၀)