ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil) နှင့် သတိပြုသင့်သော ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ

Type

အိအိချော (စားသုံးသူရေးရာဦးစီးဌာန)

======================

မြန်မာတို့၏ အခြေခံစားသောက်ကုန်များတွင် စားသုံးဆီသည် တစ်ခုအပါအဝင်ဖြစ်ရာ နေ့စဉ် အစားအစာချက်ပြုတ်ကြော်လှော်မှုတို့အတွက်  မရှိမဖြစ်အရာတစ်ခု ဖြစ်နေပါသည်။ မိရိုးဖလာသုံးစွဲခဲ့ကြသော ပြည်တွင်းဖြစ် မြေပဲဆီ၊ နှမ်းဆီတို့ကိုသာမကဘဲ လူဦးရေတိုးတက်လာမှု၊ စီးပွားရေးစနစ်ပုံစံပြောင်းလဲလာမှုနှင့် Globalization ကြောင့် ပြောင်းလဲလာသော အစားအစာယဉ်ကျေးမှု စသည်တို့ကြောင့် ပြည်ပမှ တင်သွင်းလာသော စားသုံးဆီအမျိုးမျိုးတို့ကိုပါ ယဉ်ပါးစွာသုံးစွဲနေကြပြီ ဖြစ်ပါသည်။
စားသုံးသူမိဘပြည်သူများ၏ ဆီသုံးစွဲမှု မြင့်မားလာသောကြောင့် ဝယ်လိုအား    များလာခြင်းနှင့်အတူ   စားသုံးဆီစျေးကွက်လည်း ကျယ်ပြန့်လာပေရာ  လုပ်ငန်းရှင်အချို့က မီဒီယာတွင်  ကြော်ငြာ အားကောင်းစွာဖြင့် စားသုံးဆီအမည်သစ်များအတွက် စျေးကွက်ဝေစု ရရှိရန်   ကြိုးစားနေသည်ကိုလည်း   တွေ့မြင်နိုင်သကဲ့သို့   ကမ္ဘာ့ ကပ်ရောဂါ ကိုဗစ်-၁၉  ဖြစ်ပွားမှုကြောင့် နေထိုင်မှုပုံစံသစ်ဖြစ်သော (Stay at Home/Work from Home) ကာလတွင် စားသုံးဆီမျိုးစုံကို  Online  တင်ပြီး  အိမ်အရောက်ဝန်ဆောင်မှုပေး  (အိမ်ရောက်ငွေချေ)စနစ်ဖြင့် ရောင်းချနေမှုများလည်း ရှိနေပြီဖြစ်ပါသည်။ 
မည်သို့ပင်  စျေးကွက်ကျယ်ပြန့်လာသည်ဖြစ်စေ   စားသုံးဆီ ရောင်းချသည့်ပုံစံကို လေ့လာမည်ဆိုလျှင်   လက်လီခြင်တွယ်ပြီး (ခွက်မှောက်၊ ခွက်လှန်) ရောင်းချသောပုံစံနှင့် ပလတ်စတစ်ပါကင်ဘူး ဖြင့် ရောင်းချသောပုံစံဟူ၍ နှစ်မျိုးသာ တွေ့နိုင်ပါသည်။ ပါကင်ဘူးဖြင့် ရောင်းချသောပုံစံတွင် တစ်လီတာမှစ၍ ၂ ဒသမ ၅ လီတာ၊ ၉ လီတာ စသည်ဖြင့် အရွယ်အစားအမျိုးမျိုးတို့ကို ကုန်အညွှန်းအမှတ်အသား (ကုန်အမှတ်တံဆိပ်) မျိုးစုံဖြင့် ဝယ်ယူရရှိနိုင်ပါသည်။ အချို့သော စားအုန်းဆီတင်သွင်း၊ ဖြန့်ဖြူး ရောင်းချနေသူများကိုယ်တိုင်  ကိုယ်ပိုင် ကုန်အမှတ်တံဆိပ်ကပ်ဘူးများဖြင့် စျေးကွက်အတွင်း ရောင်းချနေ သည်ကို တွေ့ရှိရပါသည်။
သေချာစွာသိရှိရန် လိုအပ်
ဤသို့ ကုန်အမှတ်တံဆိပ်ကပ်ရောင်းသော ဆီအမျိုးမျိုးတို့တွင် ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil) လည်းပါဝင်နေပြီး စျေးကွက် အတွင်း စားသုံးဆီရောင်းနေသူများ၏ ပြောပြချက်များအရ အခြား ဟင်းချက်ဆီများ  (မြေပဲဆီ၊  နေကြာဆီ၊  ပဲပုပ်စေ့ဆီ  စသည်ဖြင့်) ထက် စျေးနှုန်းသက်သာသည့်အပြင် ဟင်းသီးဟင်းရွက်များမှ ထုတ်ယူ ထားသောဆီဖြစ်သောကြောင့် သွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါအခံရှိသူ များ ဝယ်ယူကြကြောင်း၊ ရောင်းအားကောင်းသော ဆီအမျိုးအစား ဖြစ်ကြောင်း သိရှိရပါသည်။ ဆီဘူး၏ ကုန်အမှတ်အသားတွင်လည်း ဂေါ်ဖီထုပ်၊ မုန်လာဥနီ၊ ပန်းဂေါ်ဖီနှင့် ငရုတ်ပွသီးပုံများဖြင့် သရုပ်ဖော် ထားသည်ကို ဟင်းသီးဟင်းရွက်ဆီ  (Vegetable Oil) အမည်ဖြင့် ရောင်းချနေသော ဆီဘူးတိုင်းတွင် တွေ့ရှိနေရပါသည်။ အမှန်စင်စစ် အဆိုပါ ဟင်းသီးဟင်းရွက်များသည် ဆီထွက်သီးနှံအုပ်စုဝင် သီးနှံများ မဟုတ်ကြသောအခါ “ဟင်းသီးဟင်းရွက်ဆီ” ဆိုသည်မှာ မည်သည့် ဆီအမျိုးအစားဖြစ်ကြောင်း သေချာစွာသိရှိရန် လိုအပ်လာပြီဖြစ်ပါ သည်။ 
သို့ဖြစ်ရာ ပါကင်ဘူးအတွင်းရှိ ကုန်ပစ္စည်းအကြောင်းကို သေချာ စွာသိလိုလျှင် ကုန်အညွှန်းအမှတ်အသားပါ အချက်အလက်များကို လေ့လာရမည်ဖြစ်သောကြောင့် “ဟင်းသီးဟင်းရွက်ဆီ”  များ၏ ကုန်အညွှန်းအမှတ်အသားများတွင် ဖော်ပြထားသော အဓိက ပါဝင် ပစ္စည်း (Main Ingredient)  ကို အချိန်အနည်းငယ်ယူ၍ ရှာဖွေဖတ်ရှု ကြည့်ရာတွင်  Refined Palm Olein IV-60  ဟုတစ်မျိုး၊ RBD Palm Olein IV-60 ဟုတစ်သွယ်၊ Refined Palm Olein  100 %  ဟုတစ်ဖုံနှင့်  Blended with RBD Soy Bean Oil 15%  ဟုတစ်နည်း တွေ့ရှိရမည် ဖြစ်ပါသည်။ တွေ့ရှိချက်များကို  ဘာသာပြန်လိုက်မည်ဆိုပါက “ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil)” ဆိုသည်မှာ “သန့်စင်ပြီးသော အဆင့်မြင့် စားအုန်းဆီများသာဖြစ်သည်” ဟု ဆိုရမည်သာဖြစ်ပါသည်။
စျေးကွက်အတွင်း မည်သည့်ဆီဘူးမျိုးတွင်မဆို မြေပဲဆီ အမည် တပ်လျှင် မြေပဲစေ့၊ မြေပဲတောင့်ပုံ၊ နေကြာဆီအမည်တပ်လျှင် နေကြာ စေ့ပုံ၊ ပဲပုပ်ဆီအမည်တပ်လျှင် ပဲပုပ်စေ့ပုံ စသည်ဖြင့် ပင်ရင်းဆီထွက် သီးနှံအမည်နှင့်ပုံတို့၏ ယှဉ်တွဲဖော်ပြမှုသည် ရိုးရှင်း၍ စားသုံးသူကို ကုန်ပစ္စည်းနှင့်ပတ်သက်ပြီး စိတ်ကျေနပ်မှုဖြစ်စေပါသည်။ သို့ရာတွင် ဆီအုန်းပင်မှရသောအသီး (ဆီအုန်းသီး)ကို ကြိတ်ချေ၍ အဆင့်ဆင့် သန့်စင်ပြီးသောအခါမှရရှိလာသည့်   အဆင့်မြင့်စားအုန်းဆီကို ဆီထွက်သီးနှံမဟုတ်သော ဟင်းသီးဟင်းရွက်များနှင့် ပုံဖော်သည့် အပြင် ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil) ဟု အမည်တပ်ခြင်းမှာ စားသုံးသူများအတွက် စဉ်းစားစရာ ဖြစ်လာနိုင်ပါသည်။
ကမ္ဘာပေါ်တွင်    စားသုံးရန်အတွက်    သတ်မှတ်ထားသောဆီ (Edible Oil) နှင့် အဆီ (Edible Fat) အုပ်စုများကို-
(က)    ဝက်ဆီအုပ်စု (Pork Fat)၊
(ခ)    အမဲဆီအုပ်စု (Beef Fat)၊
(ဂ)    နို့ထွက်ပစ္စည်းမှထုတ်လုပ်သောအဆီအုပ်စု (Dairy Fat)၊
(ဃ)    ကြက်၊ ဘဲ၊ ငန်းတို့မှရသော အဆီအုပ်စု (Poultry Fat)၊
(င)    ဆီထွက်သီးနှံမှ ထုတ်လုပ်သော အဆီအုပ်စု 
    (Vegetable Fat)၊
(စ)    ငါးဆီအုပ်စု (Fish Oil)၊
(ဆ)    ဆီထွက်သီးနှံမှထုတ်လုပ်သော ဟင်းသီးဟင်းရွက်ဆီအုပ်စု (Vegetable Oil) ဟူ၍ အုပ်စု ခုနစ်မျိုးခွဲခြားထားပေရာ စားသုံးဆီ ထုတ်ယူနိုင်သော ဆီထွက်သီးနှံပင်များမှ ထုတ်လုပ်ရရှိသော စားသုံး ဆီတိုင်းသည် Vegetable Oil အုပ်စုထဲတွင် ပါဝင်နေပါသည်။
ဟင်းသီးဟင်းရွက်များဖြင့်သာ ဖော်ပြရောင်းချ
ဤသို့ဆိုလျှင် စားအုန်းဆီအပါအဝင် မြေပဲဆီ၊ နှမ်းဆီ၊ နေကြာ ဆီ၊ ပဲပုပ်ဆီ၊ ကနိုလာ (ပန်းမုန်ညင်းဆီ)နှင့် ပြောင်းဖူးစေ့ဆီ အားလုံး တို့သည်  ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil) အုပ်စုဝင် စားသုံးဆီ များ ဖြစ်ကြပေသည်။ သို့သော်လည်း စျေးကွက်တွင် စားအုန်းဆီကိုသာ ကိုယ်ပိုင်အမည်မဖော်ပြဘဲ ဆီအုပ်စုအမည်ဖြင့် ဖော်ပြသည့်အပြင် သရုပ်ဖော်ပုံမှာလည်း ဟင်းသီးဟင်းရွက်များဖြင့်သာ ဖော်ပြရောင်းချ နေခြင်းကြောင့် စားသုံးသူအတွက် ကုန်ပစ္စည်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်ကို ရှင်းလင်းစွာမသိရဘဲ ထင်ယောင်ထင်မှား ဖြစ်စေနိုင်ပါသည်။   ထို့အပြင်  ကျန်းမာရေးအတွက်  စားသုံးဆီကို ရွေးချယ်စားသောက်နေရသော စားသုံးသူဖြစ်ခဲ့လျှင် ကြီးမားသော ဆုံးရှုံးနစ်နာမှုကို ဖြစ်ပေါ်စေမည်မှာ ဧကန်ဖြစ်ပေသည်။
စားသုံးဆီ၏ အရည်အသွေးစစ်တမ်းတွင် အရေးပါသော  အဆီ အက်စစ်ဖွဲ့စည်းပုံအရ   ပြည့်ဝအဆီအက်စစ်နှင့်   မပြည့်ဝအဆီ အက်စစ်တို့ တစ်ဝက်စီနီးပါးဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသော စားအုန်း ဆီသည် မိုနိုမပြည့်ဝဆီဖြစ်သော မြေပဲဆီ၊ ပိုလီမပြည့်ဝဆီဖြစ်သော နေကြာဆီတို့ကို အရည်အသွေးပိုင်းအရ မယှဉ်နိုင်သည်ကို စားသုံး သူများက သိရှိထားပါသည်။ ဤအချက်ကို  စားအုန်းဆီတင်သွင်း ရောင်းချသူများကလည်း သိရှိပြီးဖြစ်ပေရာ စားအုန်းဆီ၏ ကိုယ်ပိုင် အမည်ကိုဖျောက်၍    ဆီအုပ်စုအမည်ကိုသာ   ပေါ်လွင်စေလျက် စျေးကွက်ထိုးဖောက်ခဲ့ခြင်းဖြစ်သည်ဟု ယူဆရပါသည်။ တစ်နည်းအား ဖြင့် မြန်မာစားသုံးသူတို့၏ အားနည်းချက်ဖြစ်သော ကုန်အညွှန်းအမှတ် အသားပါ  အချက်အလက်များကို   သေချာစွာဖတ်ရှုလေ့လာသည့် အလေ့အကျင့်မရှိဘဲ   သရုပ်ဖော်ပုံကိုသာ ကြည့်၍ ဆုံးဖြတ်ဝယ်ယူတတ်ခြင်းဟူသောအချက်ကို  ပိုင်နိုင်စွာအသုံးချခံရခြင်းပင် ဖြစ်ပါ သည်။
ထင်ယောင်ထင်မှားဖြစ်စေရန် ဆောင်ရွက်
စားသုံးသူကာကွယ်ရေးဥပဒေအရ     “စားသုံးသူများတွင် မိမိဝယ်ယူမည့် ကုန်စည်အတွက် လိုအပ်သော သတင်းအချက်အလက် ပြည့်စုံမှန်ကန်စွာ  သိရှိခွင့်ရှိကြောင်း” ၊ “ကုန်စည်နှင့် ပတ်သက်၍ မှားယွင်းသော ဖော်ပြခြင်းဖြစ်စေ၊ မမှန်ကန်သော ကြော်ငြာခြင်းဖြစ်စေ၊ မရိုးမဖြောင့်သော သဘောဖြင့်ဖြစ်စေ စားသုံးသူက လွဲမှားစွာလက်ခံ စေရန်ရည်ရွယ်၍  ဆောင်ရွက်လျှင်  လိမ်လည်လှည့်ဖြားခြင်း” ဟု ခေါ်ဆိုနိုင်ကြောင်း၊ ထို့ပြင်  ကုန်စည်နှင့်  စပ်လျဉ်းသည့် ဝိသေသ လက္ခဏာကိုဖြစ်စေ၊ သတ်မှတ်ထားသော  စံချိန်စံညွှန်းကိုဖြစ်စေ၊ စားသုံးသူကို လွဲမှားယူဆမှုဖြစ်စေလျှင် ထင်ယောင်ထင်မှားဖြစ်စေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်းစသည်ဖြင့် ဖော်ပြထားသည်ကို ဟင်းသီး ဟင်းရွက်ဆီ (Vegetable Oil)  ဖြန့်ဖြူးနေသော  လုပ်ငန်းရှင်များ   လေ့လာသိရှိထားသင့်ပါသည်။
အဆိုပါဥပဒေ၏ အခန်း(၁)၊ ပုဒ်မ-၂၊ ပုဒ်မခွဲ(ဌ)ပါ အဓိပ္ပာယ် သတ်မှတ်ချက်အရ “ကုန်အညွှန်းအမှတ်အသားဆိုသည်မှာ ကုန်စည် သို့မဟုတ် ကုန်စည်ထုပ်ပိုးမှု အပြင်အဆင်ပေါ်တွင် စာဖြင့်ရေးသား၍ ဖြစ်စေ၊ ပုံနှိပ်၍ဖြစ်စေ၊ ရုပ်ပုံဖြင့်ဖြစ်စေ၊ အခြားနည်း တစ်ရပ်ရပ်ဖြင့် ဖြစ်စေ ဖော်ပြထားသည့် ကုန်စည်နှင့်သက်ဆိုင်သည့် အချက်အလက် သို့မဟုတ်   အမှတ်အသားကိုဆိုသည်”  ဟုပါရှိပြီး   ကုန်စည်နှင့် သက်ဆိုင်သည့် ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြထားသည့် အချက်အလက်များနှင့် ကိုက်ညီမှုမရှိသော ကုန်စည်ဖြစ်နေပါကလည်း ယင်းဥပဒေပါ ပုဒ်မ-၇၃ အရ နှစ်နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်းနှစ်ရာထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါသည်။
သို့ပါသောကြောင့်   ဟင်းသီးဟင်းရွက်ဆီ   (Vegetable Oil) ဖြန့်ဖြူးသော လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ ဖြန့်ဖြူးရောင်းချနေ သော  ကုန်စည်၏  ကုန်အညွှန်းအမှတ်အသား    ဖော်ပြမှုများကို အလေးထားဆောင်ရွက်သည့်အနေဖြင့်   ဆီအမည်စာသားကို ဟင်းသီးဟင်းရွက်ဆီ     (သန့်စင်ပြီးသော     အဆင့်မြင့်စားအုန်းဆီ)   ဟု လည်းကောင်း၊  ဟင်းသီးဟင်းရွက်ပုံများကိုလည်း    ဆီအုန်းပင်၊ ဆီအုန်းခိုင်၊ ဆီအုန်းသီး   စသည်ဖြင့်     သင့်လျော်သောရုပ်ပုံများကို လည်းကောင်း   ပြောင်းလဲသုံးစွဲသင့်ပါကြောင်းကို     စားသုံးသူများ ထင်ယောင်ထင်မှားဖြစ်ခြင်းမှ ကင်းဝေးစေရန်ရည်သန်၍ အကြံပြု ရေးသားတင်ပြလိုက်ရပါသည်။      ။

ကိုးကား။    ။ စားသုံးသူကာကွယ်ရေးဥပဒေ 
      (၂ဝ၁၉ ခုနှစ်၊ မတ်လ ၁၅ ရက်)