
စက်တင်ဘာ ၂ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း မြို့နယ်များ၌ စုရပ်များခွဲ၍ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသူများ၏ စကားသံများကို မေးမြန်းဖော်ပြလိုက်ရပါသည်။
ဒေါ်အေးမွန်စီ(သပြေကုန်းရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်)
ရောဂါကူးစက်မှုခံရတဲ့အခါ ဆေးမထိုးရသေးတဲ့သူတွေနဲ့ ဆေးထိုးပြီးသားသူတွေနဲ့ယှဉ်ရင် ဆေးထိုးပြီးသားသူတွေက ခံနိုင်ရည် ရှိတယ်၊ ဆေးမထိုးရသေးတဲ့သူတွေက တော်တော်လေး ခံစားရ တယ်၊ တချို့ဆို အသက်ဆုံးရှုံးရတဲ့အထိ ခံစားရတယ်။ ဆေးထိုးပြီး သူတွေက အသက်ဆုံးရှုံးမှုနည်းတယ်။ အခု ကာကွယ်ဆေး နှစ်ကြိမ် စလုံး ထိုးပြီးပြီ။ ဓာတ်မတည့်တာ၊ တခြားနာကျင်ခံစားရတာတော့ မရှိဘူး။ အားလုံးပုံမှန်ပါပဲ။ ကာကွယ်ဆေးမထိုးရသေးတဲ့အချိန်တွေမှာရော၊ ကာကွယ်ဆေးထိုးပြီးတဲ့အချိန်တွေမှာရော နေတာထိုင်တာ၊ သွားတာလာတာကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်တွေနဲ့အညီ နေထိုင်ပါတယ်။
ကာကွယ်ဆေးထိုးပြီးမှ ကူးစက်ခံရတာ ကျွန်မတို့ အသိထဲမှာ ရှိပါတယ်။ အသိတစ်အိမ်သားလုံးကူးစက်ခံရတယ်။ သူတို့က ဝန်ထမ်း တွေဆိုတော့ အလုပ်သွားလာတာကနေစပြီး ပါလာတာထင်တယ်။ ဒါပေမယ့် အိမ်သားတွေ အကုန်လုံးက ကာကွယ်ဆေးထိုးပြီးသား တွေဆိုတော့ နေမကောင်းခဏဖြစ်ပြီး ပြန်ကောင်းသွားကြတယ်။ အဲဒါကြောင့် ကာကွယ်ဆေးထိုးနှံတာ အကောင်းဆုံးပါ။ ကျွန်မအစ်ကို တစ်ယောက်ကျတော့ ဆေးမထိုးထားရသေးတဲ့အတွက် ကူးစက်ခံရ တဲ့အခါ အတော်ခံလိုက်ရတယ်။ အသက်ဆုံးရှုံးပြီလို့တောင် ထင်ထား တယ်။ ကံကောင်းလို့ အသက်မသေခဲ့ဘူး။ အဲဒါကြောင့် ကိုယ့်ဆွေမျိုး၊ မိတ်ဆွေ၊ အပေါင်းအသင်းတွေ အားလုံးကို ကာကွယ်ဆေးထိုးနှံဖို့ တိုက်တွန်းပါတယ်။ အခုထိုးပေးတဲ့ ကာကွယ်ဆေးတွေက ဈေးကြီး တယ်ကြားတယ်။ နောက်ပြီး အပြင်မှာထိုးမယ်ဆို အတု၊ အစစ် ပြဿနာကရှိသေးတယ်။ အခု နိုင်ငံတော်အစိုးရက အခမဲ့ထိုးနှံပေး တော့ အားလုံး ကာကွယ်ဆေးထိုးနှံသင့်ပါတယ်။
မနန်းရွှေလီ (ပညာသိဒ္ဓိရပ်ကွက်၊ ဇမ္ဗူသီရိမြို့)
အခုထိုးပေးတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးက ရောဂါဖြစ်ပွားမှု ကို ၇၀ ရာခိုင်နှုန်းကနေ၊ ၈၀ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင် တယ်ဆိုတာ သိထားတယ်။ ကျွန်မတို့ ပတ်ဝန်းကျင်မှာလည်း ကိုဗစ်-၁၉ ဖြစ်တဲ့သူတွေ ရှိပါတယ်။ သူတို့ ကိုဗစ်-၁၉ ရောဂါဖြစ်တဲ့အချိန်မှာ ကာကွယ်ဆေးထိုးနှံထားတဲ့အတွက် ပြင်းထန်စွာခံစားရတာမရှိဘဲ သာမန်လက္ခဏာလောက်ပဲ ခံစားရတယ်လို့ ပြောပါတယ်။ ကာကွယ် ဆေးထိုးနှံထားခြင်းက မိမိရဲ့အသက်ကို သေဆုံးခြင်းကနေ အမှန် တကယ် ကာကွယ်ပေးတဲ့အပြင် ကိုယ့်ရဲ့ မိသားစု ၊ ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်အတွက် လုံခြုံတယ်လို့ ခံစားရပါတယ်။ ဆေးထိုးထား တော့ ရောဂါကူးစက်မှုနည်းလာမယ်။ အခုလို ကာကွယ်ဆေးထိုးထား ပြီးပြီဆိုပေမယ့်လည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကာကွယ်ရေးနည်းလမ်းတွေကိုတော့ ဆက်လက်လိုက်နာသွားရမှာပါ။ နိုင်ငံတော်အနေနဲ့ ကိုဗစ် -၁၉ ကာကွယ်ဆေးကို အသက် ၁၈ နှစ်ပြည့် ပြီး ပြည်သူတွေကို ပြည်ပကနေ ဝယ်ယူထားတဲ့ ကာကွယ်ဆေး ရောက်ရှိတဲ့ အရေအတွက်အပေါ်မူတည်ပြီး ဆက်လက်ထိုးနှံပေးမယ် လို့ သတင်းတွေကနေတစ်ဆင့် သိရပါတယ်။ ဒါကြောင့် ကိုဗစ် ကာကွယ်ဆေးမထိုးရသေးတဲ့ ပြည်သူတွေအနေနဲ့ ဆေးထိုးနှံဖို့ အခွင့်အရေးရပြီဆိုတာနဲ့ အမြန်ဆုံးလာရောက်ထိုးနှံကြပါလို့ တိုက်တွန်း ချင်ပါတယ်။
ဦးလှသန်း (ပညာသိဒ္ဓိရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်)
ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်မြောက်ထိုးနှံပြီးပါပြီ။ ကိုဗစ်-၁၉ နဲ့ပတ်သက်ပြီး အဘတို့ပတ်ဝန်းကျင်မှာ ကူးစက်တာမရှိသေးဘူး။ ကိုဗစ်ရောဂါလက္ခဏာတွေကိုတော့ နိုင်ငံပိုင်သတင်းစာတွေ၊ ရုပ်မြင်သံကြားတွေကတစ်ဆင့် နေ့စဉ် အသိပညာပေးနေတော့ သိတယ်။ ဒါကြောင့် ကာကွယ်ဆေးထိုးထားရင် ကူးစက်ခံရရင်တောင် ခံနိုင်ရည်ရှိတယ်ဆိုတာသိရတော့ ဆေးထိုးထားတာ ပိုလုံခြုံမယ် ယုံကြည်လို့ ဆေးထိုးဖြစ်တာပါ။ အဘအသက်က ၇၀ ကျော်နေပြီ ဆိုတော့ ကူးစက်ခံရမှာ ကြောက်တာပေါ့။ အသက်ကကြီးပြီဆိုတော့ သွေးတိုး၊ ဆီးချိုတော့ရှိတယ်။ ဒါပေမယ့် အခု ကာကွယ်ဆေးအပြည့်အဝ ထိုးနှံပြီးပြီဆိုတော့ စိတ်လုံခြုံသွားတယ်။ အခုကာကွယ်ဆေးကလည်း ၇၀ ရာခိုင်နှုန်းကျော်အထိ ကိုဗစ်ကို ကာကွယ်ပေးနိုင်တယ်လို့ သိထား တယ်။ အခုက အသက် ၆၅ နှစ်အထက်တွေကိုပဲ ကာကွယ်ဆေးထိုးပေး တဲ့အတွက် ကျန်တဲ့မိသားစုဝင်တွေက အသက်ငယ်တဲ့အတွက် ဆေးမထိုးရသေးဘူး။ သူတို့ကိုလည်း ဆေးထိုးနှံစေချင်တယ်။ ဆေးမထိုးရသေးတဲ့ပြည်သူတွေအနေနဲ့ ဆေးထိုးနှံရမှာကို မကြောက် ကြပါနဲ့၊ ဆေးထိုးတာက နာလည်းမနာဘူး၊ ရောဂါအခံရှိ၊ မရှိနဲ့ တည့်၊ မတည့် သေချာစမ်းသပ်ပြီးမှ ထိုးတာဆိုတော့ စိတ်ချရပါတယ်။ ဆေးထိုး နှံပေးတဲ့ နိုင်ငံတော်အစိုးရကို ကျေးဇူးတင်ပါတယ်။
ကိုရန်နိုင်ထွန်း (သပြေကုန်းရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်)
ကာကွယ်ဆေးထိုးတာက မိမိကိုယ်ကို ကာကွယ်ပြီးသားလည်း ဖြစ်တယ်၊ လုံခြုံမှုလည်းရှိသွားတယ်လို့ ခံစားရတယ်။ ဒါ့ပြင် ကိုယ့်မိသားစု ကိုလည်း ကာကွယ်ပေးပြီးသားဖြစ်တဲ့အတွက် လာရောက်ထိုးနှံတာ ဖြစ်တယ်။ ကျွန်တော်က ပုဂ္ဂလိကဝန်ထမ်းပါ။ ပတ်ဝန်းကျင်မှာ ကိုဗစ်-၁၉ ရောဂါဖြစ်တဲ့သူတွေရှိတယ်။ ဆေးမထိုးရသေးတဲ့သူတွေက ဆေးထိုး ပြီးသားသူတွေနဲ့စာရင် ပိုခံစားရတယ်၊ ရောဂါပြင်းထန်တာကို သတိ ထားမိတယ်။ ဆေးထိုးပြီးသားသူတွေက ကူးစက်ခံရရင်တောင် ခံနိုင်ရည်ရှိတာ သတိထားမိတယ်။ ဒါကြောင့် ကိုဗစ်-၁၉ ကာကွယ် ဆေးကို အခွင့်အရေးရရင်ရသလို လူတိုင်းထိုးထားသင့်ပါတယ်။ ပြည်သူတွေအားလုံးကို ထိုးနှံခွင့်ရပြီဆိုရင် ဒီရောဂါကို ထိန်းချုပ် သွားနိုင်မယ်။ အခုချိန်မှာ နိုင်ငံတော်အစိုးရက ဦးစားပေးအုပ်စုအလိုက် ထိုးပေးနေတာဆိုတော့ အားလုံးတော့မထိုးနှံရသေးဘူး။ အစိုးရအနေ နဲ့ အခုလို ပုဂ္ဂလိကဝန်ထမ်းတွေကိုပါ အခမဲ့ထိုးနှံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ရောဂါမြန်မြန်ပျောက်ကင်းအောင် မထိုးရ သေးတဲ့သူတွေကိုလည်း အကုန်ထိုးနှံပေးစေချင်ပါတယ်။
ဒေါ်ကျင်လွမ်း (ဇေယျာသိဒ္ဓိရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်)
အဘွားက အသက် ၈၀ ကျော်ပြီ။ အခု ဆေးနှစ်ကြိမ်မြောက် လာရောက်ထိုးနှံတာပါ။ ကာကွယ်ဆေးနှစ်ကြိမ်စလုံး အပြည့်အဝ ထိုးနှံပြီးပြီဆိုတော့ ဝမ်းသာပါတယ်။ အခု နိုင်ငံတော်ကထိုးနှံပေးတဲ့ ကာကွယ်ဆေးတွေကို ထိုးဖြစ်အောင်ထိုးကြပါလို့ ဆေးမထိုးရသေးတဲ့ ပြည်သူတွေကို တိုက်တွန်းချင်တယ်။ ဆေးထိုးပြီးရင်တော့ ဘာဖြစ်ဖြစ် အကာအကွယ်ရထားတာပေါ့။ ကျန်းမာမှ ဘုရား၊ တရားနဲ့ ကုသိုလ် ကောင်းမှုတွေ လုပ်နိုင်မှာပါ။ အဘွားတို့လို သက်ကြီးရွယ်အိုတွေကို ဆေးထိုးနှံခွင့်ပြုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ သူတို့လည်း ကုသိုလ်ရတာပေါ့။
ကိုဇော်မင်းသိန်း (ဌာနဆိုင်ရာဝန်ထမ်း)
ကျွန်တော်က ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်စလုံးထိုးနှံပြီးပြီ။ ဆေးထိုးထားတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်။ တကယ်လို့ ရောဂါကူးစက်ခံရရင်တောင် ခံနိုင်ရည်ရှိမယ်ဆိုတာ ယုံကြည်တယ်။ လူငယ်ဆိုတော့ လွတ်လပ်မှုကိုကြိုက်တယ်။ အခုလို ကိုဗစ်ရောဂါတွေ ဖြစ်နေတော့ ခရီးလည်းမထွက်ရတာကြာပြီ၊ မွန်းကျပ်တယ်ထင်မိ တယ်။ အစိုးရကလည်း ပြည်သူတွေကောင်းစေချင်လို့ ခရီးသွားလာခွင့် တွေ၊ Stay Home တွေလုပ်တယ်လို့မြင်ပါတယ်။ ကျွန်တော်တို့တွေ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းမျဉ်းတွေအတိုင်း လည်း သွားလာနေထိုင်မယ်၊ တစ်ဖက်က ကာကွယ်ဆေးတွေ ပြည်သူတွေအားလုံး ထိုးနှံပြီးကြပြီဆိုရင် အရင်လိုပဲ ခရီးတွေထွက်နိုင် မယ်၊ အဝေးရောက်သူငယ်ချင်းတွေ ပြန်လည်ဆုံစည်းခွင့်ရမယ်လို့ ယုံကြည်တယ်။ ဒါကြောင့် အခုအချိန်မှာ ကျန်းမာရေးလမ်းညွှန်ချက် တွေနဲ့နေထိုင်ပြီး ကာကွယ်ဆေးထိုးနှံကြပါလို့ တိုက်တွန်းပါတယ်။
တွေ့ဆုံမေးမြန်း - ဟန်မင်း၊ ဓာတ်ပုံ- ကိုထိန်
- Log in to post comments