ကာရာအိုကေ ဗိုင်းရပ်စ်

Type

ဆောင်းပါး ======= ကာရာအိုကေ ဗိုင်းရပ်စ် =============== စောမော်အောင် ========== ပထမတစ်ချီ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ခဲ့ပေမယ့် ဒုတိယအကြိမ် တစ်ကျော့ပြန် ဝင်လာပြီး ကူးစက်ပျံ့နှံ့နေ တဲ့၊ မျိုးဗီဇပြောင်းလဲသွားတယ်လို့ဆိုတဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကတော့ နိုင်ငံတစ်ဝန်း မွှေနှောက်ပျံ့နှံ့နေတယ်။ ရခိုင်ပြည်နယ် စစ်တွေမြို့က စဝင်လာတယ်။ နိုင်ငံရပ်ခြားသွားခဲ့တာမရှိ၊ ရောဂါပိုးရှိတဲ့ လူနာတွေနဲ့ လည်း ထိတွေ့တာမရှိတဲ့ ပြည်တွင်းကူးစက်လူနာ တစ်ယောက် ဩဂုတ်လ ၁၆ ရက်က ဓာတ်ခွဲတွေ့ရှိ အတည်ပြုခဲ့ပါတယ်။ အဲဒီနေ့ကစပြီး ကူးစက်ပြန့်ပွား စာရင်း တိုးလာလိုက်တာ ဒီနေ့ဆိုရင် အတည်ပြုလူနာ စုစုပေါင်း ၂၅၉၅ ဦးပါတဲ့။ စစ်တွေမှာ ပထမဆုံး စတွေ့တဲ့လူနာ က ၃၇၅ ဦးဆိုတော့ တစ်ကျော့ပြန်မှာ ၂၂၀၀ ကျော် တိုးသွားတယ်။ ပထမ လေး၊ ငါးလမှာ ပိုးရှိ သူ စုစုပေါင်း ၄၀၀ မပြည့်ခဲ့ပေမယ့် အခု တစ်လမပြည့်ခင် မှာ ၂၂၀၀ ကျော် တိုးလာတယ်ဆိုတော့ ဒုတိယလှိုင်းမှာ ကူးစက်မှုနှုန်း အရှိန်ဘယ်လောက်များလဲ မှန်းကြည့်နိုင်ပါ တယ်။ ........................ တစ်ကျော့ပြန် ဗိုင်းရပ်စ်ပိုးရဲ့ ဇီဝမျိုးဗီဇပြောင်းလဲ လာပြီး ကူးစက်မြန်၊ အဖိတ်အစဉ်လည်း ပိုများနေတာက သိသာပါတယ်။ ပထမကာလတစ်ခုလုံးမှာ လူနာခြောက်ဦး သေဆုံးခဲ့တယ်။ အခု သုံးပတ်လောက်အတွင်းမှာ ၁၀ ဦး တိုးလို့ စုစုပေါင်း သေဆုံးသူ ၁၆ ဦး ဖြစ်လာတယ်။ ဒါကြောင့်ပဲ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက အနေအထိုင်၊ အသွားအလာ သတိထား ဆင်ခြင် ကြဖို့ ဗိုင်းရပ်စ်ပိုး တစ်ကျော့ပြန်မလာခင်ကစပြီး အထပ် ထပ်ကြေညာခဲ့ပါတယ်။ ဒီနေ့ ဒီအချိန်အထိ စိတ်ချသေချာပြီလို့ အတည်ပြု ကြေညာနိုင်တဲ့ ကာကွယ်ဆေး၊ ကုသဆေးတို့ဆိုတာက လည်း မပေါ်သေးဘူးဆိုတော့ အနေအထိုင် ဆင်ခြင်ပြီး ကာကွယ်ကြတဲ့နည်းကသာ အကောင်းဆုံးဖြစ်နေတာပါ။ အခုဆိုရင် ကမ္ဘာမှာ အတည်ပြုလူနာ ၂၈ သန်းကျော် ရှိပြီး သေဆုံးတာ ကိုးသိန်းကျော် ရှိနေပါပြီ။ ကိုဗစ်ကပ်ရောဂါရဲ့အန္တရာယ်ဟာ မြန်မာနိုင်ငံသား တို့အနေနဲ့ ဘယ်လိုမှ ပေါ့ပေါ့ဆဆ သဘောထားလို့မဖြစ်။ တကယ်တော့ ကျွန်တော်တို့ဟာ ပထမအကြိမ်မှာ သတိနဲ့ နေခဲ့ကြ၊ လက်ဆေးဆို ဆေးကြ၊ နှာခေါင်းစည်း တပ်ဆို တပ်ကြ၊ အပြင်မထွက်နဲ့ဆို မထွက်ဘဲ နေခဲ့ကြ၊ လူချင်း ခွာနေကြ၊ အနေအထိုင် ဆင်ခြင်ကြနဲ့ တော်တော်လေး ဂရုစိုက်ခဲ့ကြ၊ ဒါကြောင့်ပဲ တော်တော့်ကို ထိန်းချုပ်နိုင်ခဲ့ကြ တာပါ။ ကျွန်တော်တို့ ပြည်သူလူထုရဲ့ စိတ်ပါလက်ပါ ကူညီကြ၊ စည်းကမ်းလိုက်နာကြတာတွေကြောင့် ခုလောက်ထိန်းနိုင်သွားတာ။ ........................ အခု ဗိုင်းရပ်စ်ပိုး ဒုတိယအကြိမ် တစ်ကျော့ပြန် ခပ်ပြင်းပြင်းလေး ဝင်လာတဲ့အခါမှာ အရင်အတွေ့ အကြုံကို ဖြတ်သန်းဖူးတော့ သိပ်အရေးမကြီးဘူးလို့ ယူဆကြသလား မသိပါဘူး။ အလေးအနက်သမားတွေ နဲ့အပြိုင် ပေါ့ပေါ့သဘောထားသူတွေကလည်း မနည်းလှ တာကို တွေ့ရပါတယ်။ ရခိုင်ပြည်နယ်မှာ စတင်ဝင်လာတာ ကို အစိုးရရော၊ ပြည်သူတွေရော အားလုံးဝိုင်းဝန်းပြီး စောင့်ရှောက်ကြတဲ့အခါမှာ ကူးစက်မှုနှုန်း ငြိမ်သွားတာကို သတိထားမိပါတယ်။ ဒါပေမဲ့ ဗိုင်းရပ်စ်ပိုးက တခြား ပြည်နယ်တွေ၊ တိုင်းဒေသကြီးတွေကို ခရီးဆန့်ပြီး ကူးစက် လိုက်တဲ့အခါမှာ တရိပ်ရိပ်ဖြစ်လာတာ တွေ့ရပါတယ်။ အထူးသဖြင့်တော့ ရန်ကုန်။ ရန်ကုန်ဟာ လူစုံပါတယ်။ ကြီးထွားမြို့ပြတွေရဲ့ သဘာဝအတိုင်း အနယ်နယ်က လာရောက်အခြေချသူ တွေ၊ ကူးလူးဆက်ဆံနေသူတွေနဲ့ တရုန်းရုန်းလို့ ဆိုရမယ့်မြို့။ စားဝတ်နေရေးအတွက် ရုန်းကန်နေကြရသူတွေဖြစ် တော့ အပြင်မထွက်မဖြစ် ထွက်ကြရ။ အဲဒီမှာ စည်းကမ်း လိုက်နာမှု လျော့ရဲလာတော့ ပိုးပျံ့နှံ့ဖို့က အင်မတန် လွယ်ကူလာ။ ဒီလိုထဲမှာ အသွားအလာကန့်သတ်စောင့်ကြည့်ရေး စင်တာတွေထဲကို စားစရာပို့တော့ ကန့်သတ်ထားတဲ့ အရက်တို့၊ ဆေးလိပ်တို့ ခိုးထည့် ပို့တာလည်းရှိ။ ခရီးသွား ပြီး ပြန်လာသူတွေကလည်း အကြောင်းမကြားကြ။ တိတ်တိတ်ခိုးဝင်ကြ။ ဒီလိုမြို့မှာ ခပ်ပေါ့ပေါ့သဘောထားတဲ့ လူတစ်စုရှိရင်ပဲ ချက်ချင်းဆိုသလို မြန်မြန်ဆန်ဆန် လူတစ်အုပ်တစ်မ ဖြစ်မှာ။ စက်တင်ဘာ ၁၁ ရက်ကဆိုရင် တစ်နေ့တည်း အတည်ပြု ပိုးတွေ့သူ ၂၇၂ ဦး။ အရင်တုန်းက တစ်ရက်ကို ဆယ်ဂဏန်းတက်ရင် များလှပြီဆိုပြီး ရင်တမမဖြစ်သူတွေ ဟာ ပါးစပ်အဟောင်းသားနဲ့။ စိတ်ပူသူတွေက စိတ်ပူအစိုးရိမ်ကြီးကြ။ ပေါ့ပေါ့ သမားတို့က ဥပဒေ၊ စည်းကမ်း အလေးမထား။ အရောင်အသွေးစုံလင်လှတဲ့ စိတ်ကူးအကြံဉာဏ်တွေ ကိုလည်း မြင်ရတွေ့ရ။ တစ်မြို့နယ်ချင်း မဟုတ်ဘဲ တစ်မြို့နယ်လုံး၊ တိုင်းဒေသကြီးတစ်ခုလုံး၊ တစ်နိုင်ငံလုံး သော့ခတ်ခြေချုပ်ထားစို့တဲ့။ ချို့ငဲ့သူတွေကို ထောက်ပံ့မှု များများပေးတဲ့။ ဘယ်သူမှ အိမ်ထဲကမထွက်စေနဲ့တဲ့။ သံသယရှိသူ အိမ်မှာထား၊ အိမ်တံခါးကို ပိတ်ထား၊ သံသယ လူနာရှိဆိုတဲ့ စာကပ်ထားဆိုတာလည်းပါရဲ့။ တချို့ကလည်း ဘာမှ ထိန်းချုပ်ကန့်သတ်မှုတွေ လုပ်စရာမလို၊ ဒီပိုးက ဒီလိုပဲ တွေ့နေကြရမှာတဲ့။ ဗိုင်းရပ်စ် ပိုးနဲ့ အတူယှဉ်တွဲနေထိုင်ကြဖို့သာ ပြင်ဆင်ကြ၊ ပုံမှန်အတိုင်း နေကြ၊ စနစ်တကျ လက်ဆေး၊ နှာခေါင်းစည်းတပ်၊ လူချင်း ခွာခွာနေ၊ အလုပ်ကို ပုံမှန်ဆက်လုပ်၊ ဆိုင်တွေမပိတ်နဲ့၊ သတိနဲ့ စည်းကမ်းနဲ့ ဆိုင်တွေဖွင့်။ အဲဒီလို အကြံပေးမှုအမျိုးမျိုးကို ကြားရပါတယ်။ တကယ့်လက်တွေ့မှာတော့ ကိုဗစ်-၁၉ ရောဂါပိုးနဲ့ ပတ်သက်ပြီး ကမ္ဘာတစ်ဝန်းမှာ အယူအဆအမျိုးမျိုး၊ တုံ့ပြန်ရင်ဆိုင်ပုံအမျိုးမျိုးပါ။ ကိုယ့်နိုင်ငံရဲ့တတ်နိုင်မှု အင်အား၊ ကိုယ့်နိုင်ငံရဲ့ အခြေအနေပေါ်မူတည်ပြီး ရင်ဆိုင် နေကြတာ။ ဘယ်လိုရင်ဆိုင်တာ အကောင်းဆုံးလဲဆိုတဲ့ နမူနာမရှိ။ မြန်မာနိုင်ငံမှာတော့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက အစစအရာရာကို အဘက်ဘက်က တွက် ချက်ချိန်ဆပြီး တာဝန်ယူ ဆုံးဖြတ်ရတာပါ။ အဆုံးအဖြတ် ရဲ့နောက်မှာ တာဝန်ကိုပါ အပြည့်အဝယူရတာဆိုတော့ အင်မတန်ကြီးမားတဲ့ စိန်ခေါ်မှုကို ရင်ဆိုင်အဖြေရှာရတာ ဖြစ်ပါတယ်။ ........................ ရန်ကုန်မှာ ကူးစက်မှုများတာ သင်္ဃန်းကျွန်းကတဲ့။ ကေတီဗွီဆိုင်က ကူးစက်တာတဲ့။ အဲဒီဆိုင်တစ်ခုတည်းက ပိုးတွေ့သူဦးရေ ရှစ်ဆယ်လောက်ရှိတယ်တဲ့။ တကယ်တော့ ကေတီဗွီဆိုင်တွေ၊ ဘား အရက်ဆိုင် တွေကို မဖွင့်ဖို့ တားမြစ်ထားတယ်လို့ နားလည်ပါတယ်။ စည်းကမ်းတွေ၊ ဥပဒေတွေကို လိုက်နာမှုမှာသာမကဘဲ တာဝန်သိစိတ်ပါ လျော့ရဲနည်းပါးတဲ့သဘောလို့ နားလည်မိ။ ကာရာအိုကေဆိုတာ ဂျပန်က စတီထွင်တာ။ သီချင်း ဆို ဝါသနာရှင်တွေ ကိုယ့်အိမ်မှာ တီဗွီရှေ့ထိုင်ပြီး မိုက်ကရို ဖုန်းတစ်လုံးနဲ့ ကိုယ်ကြိုက်ရာသီချင်းတွေကို ဆိုနိုင်ဖို့ ထွင်ထားတဲ့စနစ်ပဲ ဆိုပါတော့။ စစချင်း ဗီဒီယိုခွေတွေ ခေတ်က အနုတ် ၁ ဆိုပြီးပေါ်တယ်လို့ထင်။ သီချင်းခွေထဲက အဆိုတော်ရဲ့ အသံကိုဖျောက်၊ တေးဂီတသံတွေကိုပဲ ထုတ်နိုင်အောင်လုပ်၊ ဝါသနာရှင်က အဲဒီဂီတနဲ့ ဆို။ နောက်တော့ တီထွင်မှုတွေက တိုးတက်လာ၊ စက်တွေက ပို အဆင့်မြင့်လာ။ ဆောင်းဘောက်စ်လို့ခေါ်တဲ့ အသံထွက်သေတ္တာကနေ အသံကို ဘယ်၊ ညာထွက်ရာမှာ သီချင်းသံထွက်တဲ့ဘက်ကို ပိတ်လိုက်ပြီး ဂီတသံနဲ့ ဟာမိုနီ သံတွေကိုပဲ ထုတ်။ အဲဒီမှာ ဆိုတဲ့သူက ဂီတသံနဲ့ဝင်ဆို။ ဟန်ကျလို့။ တကယ်တီးထားတဲ့ ဂီတသံစုံတွေနဲ့ ဆိုရတာ ကိုး။ ကာရာအိုကေဆိုကြရာမှာ အိမ်ထဲမှာတင်မဟုတ်ဘဲ အဲဒီစက်တွေကိုပဲ အသံထွက်ပိုကောင်းအောင် အသံလုံ ခန်းတွေဖွဲ့၊ မြင်ကွင်းကျယ် ဖန်သားပြင်ကြီးတွေ၊ ပိတ်ကား တွေနဲ့ ပြင်ဆင်ပေးတဲ့ဆိုင်တွေ ပေါ်လာတယ်။ အစား အသောက်နဲ့ တွဲဖက်ရောင်းချတော့ သွားကြ၊ စားကြ၊ သောက်ကြ၊ ဆိုကြ။ အိမ်မှာ မရှိတဲ့သူတွေ၊ ဒါမှမဟုတ် အိမ်မှာ ကိုယ့် မိသားစုနဲ့ ကိုယ့်ဘာသာဆိုရုံနဲ့ မလုံလောက်ဘဲ သူငယ်ချင်း မိတ်ဆွေတွေနဲ့ စုကာဝေးကာ ဝိုင်းဆိုကြလို့ရတဲ့ ကာရာ အိုကေဆိုင်တွေဟာ နေရာအနှံ့လို ဖြစ်လာတယ်။ ဒါဟာ မြန်မာနိုင်ငံတင်မဟုတ်၊ ဂျပန်မှာ၊ ထိုင်းမှာ၊ အမေရိကန်မှာ၊ နိုင်ငံတကာမှာ ရှိနေတာပါ။ ........................ မြန်မာနိုင်ငံမှာတော့ အမျိုးသမီး၊ အမျိုးသား မခွဲခြား၊ သူငယ်ချင်း မိတ်ဆွေတွေစုပြီး သွားကြ၊ ဆိုကြ၊ ပျော်ကြတာ မျိုးတွေရှိသလို ကူပြီး ဝင်ဆိုပေးတဲ့ အမျိုးသမီးငယ်တွေကို ဆိုင်မှာ စီစဉ်ထားရှိပေးတဲ့အတွက် အစုလိုက် အဖွဲ့လိုက် သွားရောက်သီဆိုကြ၊ စားကြသောက်ကြတဲ့ ယဉ်ကျေးမှု ထွန်းကားလာပါတယ်။ ကာရာအိုကေ ဘားကို ကေတီဗွီလို့ အသုံးများပါတယ်။ ကေတီဗွီတွေဟာ အမျိုးသားများချည်း သီးသန့် သွားကြထိုင်ကြတဲ့ နေရာအဖြစ်လည်း နာမည်ကြီးပါတယ်။ အဲဒီလို ဆိုင်မျိုးတွေမှာ သီချင်းဆိုကြတာတင်မကဘဲ တခြား ဖျော်ဖြေရေးတွေပါ တွဲဖက်ပါလာတာမျိုးတွေလည်း ရှိလာပါတယ်။ တကယ်တော့ ဒါဟာ လျှို့ဝှက်လုပ်ငန်း မဟုတ်ဘဲ အားလုံးသိကြ၊ သွားကြလေ့ရှိတဲ့ ကိစ္စမျိုးဖြစ်ပါ တယ်။ ဥပဒေ၊ စည်းကမ်းတွေနဲ့၊ လိုင်စင်နဲ့ လုပ်ရတာပါ။ ဘယ်လိုလိုက်နာကြ၊ ဘယ်လို လုပ်ကိုင်နေကြတယ်ဆိုတာ ကတော့ အများပြည်သူကြား ပြောစရာတွေ အများကြီး ရှိနေတာ။ အသောက်အစားနဲ့ တွဲဖက်တဲ့အခါ ဒါမျိုးတွေကို အပန်းဖြေစရာအဖြစ်၊ ပျော်ရွှင်စရာအဖြစ် သဘောထား ကြတယ်။ နွမ်းပါးပြီး အလုပ်အကိုင်ခက်ခဲနေတဲ့ မိန်းကလေးငယ်တွေအတွက် ဝင်ငွေရတဲ့လုပ်ငန်းအဖြစ် လည်း မြင်ကြပါတယ်။ သီချင်းဝိုင်းဆိုပေး၊ အစား အသောက်အတွက် စားပွဲထိုးပေး ဆိုတာကို အလုပ်အနေ နဲ့ လုပ်ကြကိုင်ကြတာဟာ ဂုဏ်ငယ်စရာ မဟုတ်ပါဘူး။ ဒါပေမဲ့ သောက် စား မူးယစ်နေသူတွေကြားမှာ၊ အရက်နံ့၊ ဆေးလိပ်နံ့၊ ချွေးနံ့ကြားမှာ ကိုယ်မပျော်ပိုက်ပါဘဲ သူတစ်ပါးကို ငွေကြေးအတွက် ဖျော်ဖြေပေးရတဲ့ အလုပ် ဆိုတာကျတော့ ဝန်လေးစရာ၊ ဘဝကို နာကြည်းစရာ အဖြစ် မြင်လာကြမလားပါပဲ။ ဆိုးတာကတော့ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ရောဂါပိုး ကြောင့် ကန့်သတ်မှုတွေ များပြားနေတဲ့အချိန်မှာ ကေတီဗွီဆိုင်က ဖွင့်တယ်၊ အဲဒီမှာ လာကြသူတွေက လည်းများ၊ ကူးစက်မှုကလည်းများ၊ တစ်ဆင့်တစ်ဆင့် ပြန့်ပွားတာကလည်းများ ဖြစ်တာပါပဲ။ လူစုလူဝေးများ။ ခြောက်ပေခွာတာ မရှိ။ စကား ကျယ်ကျယ်ပြောရင် ပိုးက ပိုပျံ့နိုင်ခြေများ၊ သီချင်း ဆိုရတာဆိုတော့ပိုဆိုး။ မိုက်ကရိုဖုန်းတစ်ခု၊နှစ်ခု၊ သုံးခုကို အလှည့်နဲ့ ခွဲဝေဆိုကြ။ ကူးစက်ပြန့်ပွားမှုက ဘယ်လောက်အထိ ဆက်သွားမလဲဆိုတာကို မသိနိုင်သေး။ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးရဲ့ အန္တရာယ်ကြီးပါတယ်။ ဒါကို ချို့တဲ့တဲ့ မြန်မာနိုင်ငံအနေနဲ့ ပင်ပန်းတကြီး ခုခံနေရ တာပါ။ မလုံလောက်တဲ့ ဆရာဝန်တွေ၊ မနိုင်ဝန်တွေနဲ့ ပိနေတဲ့ ကျန်းမာရေးဝန်ထမ်းဦးရေနဲ့ ကျားကုတ်ကျားခဲ ရင်ဆိုင်နေရတာ။ အခုဆိုရင်ပဲ အတော့်ကို လက်ပန်းကျလုလု ဖြစ်နေ တာကို စိတ်ဓာတ်အင်အားနဲ့ အားတင်းနေကြတာပါ။ ဒါကို ကျွန်တော်တို့တွေ စာနာနားလည်ကြဖို့လည်းလိုမှာ။ အခက်အခဲတွေက လူတိုင်းအတွက် ရှိနေမှာပါပဲ။ တစ်ကမ္ဘာလုံးခံနေရတာ။ လူ့လောက တစ်ခုလုံး အသီး သီး၊ ပုံစံအမျိုးမျိုးနဲ့ သည်းညည်းခံ ရင်ဆိုင်နေကြရတာ။ စည်းမျဉ်းစည်းကမ်းတွေ၊ ဥပဒေတွေ လိုက်နာကြ၊ တစ်ဦးချင်းစီက တာဝန်သိသိနဲ့နေကြ၊ အပြင်မထွက်ဘဲ အိမ်ထဲမှာနေကြ၊ လူစုလူဝေးမဖြစ်စေနဲ့၊ မဖြစ်မနေ ထွက်ရရင် လူချင်းအနည်းဆုံး ခြောက်ပေခွာနေ၊ နှာခေါင်း စည်းတပ်၊ အပြင်ကပြန်လာရင် စနစ်တကျလက်ဆေး၊ ခဏခဏဆေး၊ ရေနဲ့ ဆပ်ပြာနဲ့ဆေး၊ လက်ဆေးရေနဲ့ ဆေး၊ အစားအသောက်အနေအထိုင်ကို ဂရုတစိုက်နဲ့နေ။ ဒီလိုပဲ လူထုကညီညီညွတ်ညွတ် ပူးပေါင်းပါဝင်ကြ၊ စည်းကမ်း ဥပဒေတွေကို လိုက်နာကြ၊ စောင့်ထိန်းရမှာ တွေ၊ လုပ်ရမှာတွေကို မပျက်မကွက်လုပ်ကြရင်း ကပ်ရောဂါ ဘေးက ကင်းဝေးအောင်နေကြရမှာပါ။ အေးချမ်း တည်ငြိမ်တဲ့အချိန်အထိ တောင့်ခံကြပါစို့။ ။